Saturday, July 7, 2012

ဗကသ ခေါင်းဆောင် ၁၄ ယောက် အဖမ်းဆီးခံရ

ဇူလိုင် ၇ ရက် ရွှေရတု အခမ်း အနားကို ဦးဆောင် ကျင်းပ မယ့် ဗမာ နိုင်ငံ လုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ခေါင်းဆောင် တွေကို ရန်ကုန်နဲ့ နယ်မြို့ တချို့မှာ စရဖ ထောက်လှမ်းရေး အဖွဲ့က မနေ့က ဖမ်းဆီး ထိန်းသိမ်း ခဲ့ပါတယ်။ ဘီဘီစီရဲ့ စုံစမ်း ချက်အရ ရန်ကုန်၊ မန္တလေး၊ ရွှေဘို၊ လားရှိုးက ကျောင်းသား ခေါင်းဆောင် ၁၄ ဦးကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း သိရှိ ရပါတယ်။ ရန်ကုန်မှာ ဖမ်းဆီး ခဲ့သူတွေ ကတော့ မဖြိုးဖြိုးအောင်၊ ကိုစည် သူမောင်၊ ကိုဒီ ငြိမ်းလင်း၊ ကိုရဲ မြတ်ဟိန်း တို့ဖြစ် ကြပါတယ်။ မန္တလေးမှာ ဖမ်းဆီး ခဲ့သူ တွေက တော့ ကိုမင်းခန့်၊ ကိုမိုးထက်နေ၊ ကိုအောင် မှိုင်းဆန်း၊ ကိုသန်းထိုက်တို့ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ ရောက်ရှိနေတဲ့ ရွှေဘိုမြို့က ကျောင်းသား ၃ ယောက်နဲ့ ကျောင်းသူ ၁ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သလို လားရှိုးမြို့က ကျောင်းသား ၂ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သူတို့ဟာ မြဝတီမင်းကြီး ကျောင်းတိုက်မှာ ပြုလုပ်မယ့် အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ရန်ကုန်မှာ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းကိုလည်း လာရောက်ရှာဖွေခဲ့ပါတယ်။ ဗကသ ခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ ကိုလင်းထက်နိုင်ကို လာရောက်ရှာဖွေတယ်လို့ ဆိုပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေကတော့ ဗကသ ကျောင်းသားတွေကို ဖမ်းဆီးသွားတဲ့ အတွက် ဇူလိုင် ၇ ရက် အခမ်းအနားကို သူတို့ ဆက်လက်ဦးဆောင် ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဆန္ဒပြကျောင်းသားတွေကို စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက တက္ကသိုလ် နယ်မြေထဲ အထိ ဝင်ရောက်ပစ်ခတ်နှိမ်နင်းခဲ့ရာမှာ ကျောင်းသားပေါင်း ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ အဲဒီခေတ်က သတင်းစာတွေမှာ ရေးသား ဖော်ပြကြပြီး ဇူလိုင်လ ၈ ရက်နေ့မနက် အာရုဏ်တက်ချိန်မှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

Sunday, April 15, 2012

စစ်တပ်ပြုပြင်ပြောင်းလဲရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး

တူမောင်ညို ၊ ဧပြီ ၁၀၊ ၂၀၁၂
မြန်မာ့အလင်းသတင်းစာ (၃ ဧပြီ၂၀၁၂ ) မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကို “ဒုတိယ ဗိုလ်ချုပ်မှူးကြီး” လို့ စတင်ဖေါ်ပြလိုက်တော့ သုံးသပ်သူအချို့က “(ပထမ)ဗိုလ်ချုပ်မှူးကြီး” ရှိတယ်ဆိုပြီးပြောသံကြားရပါတယ်။
ဒီလိုပြောဆိုသုံးသပ်တာဟာ သမရိုးကျဆန်လွန်းလှပါတယ်။ ကျနော့်ယူဆချက်ကတော့ ဒါဟာ စစ်တပ်အတွင်း စစ်ရာထူးခန့်အပ်မှုစနစ်အရ “ဒုတိယဗိုလ်ချုပ်ကြီး”အဖြစ် စတင်ခန့်ထားမှု ဖြစ်ပြီး၊ မကြာခင်(တနှစ်တာကာလခန့်အတွင်း) ဗိုလ်ချုပ်မှူးကြီးဖြစ်လာမယ်လို့ ထင်မြင်ယူဆပါတယ်။ အဲဒီနောက်မှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) လည်း ဒုတိယဗိုလ်ချုပ်မှူးဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်။
“ဗိုလ်ချုပ်မှူးကြီး ” အစ စောမောင် က

“ဗိုလ်ချုပ်မှူးကြီး ” ဆိုတဲ့ အဆင့်ရာထူးကို စတင်ခံယူခဲ့သူဟာ ဗိုလ်စောမောင်ဖြစ်ပါတယ်။
“ဗိုလ်ချုပ်မှူးကြီး ” ဆိုတဲ့ အဆင့်ရာထူးကို ၁၉၉၀ ပြည့်နှစ်၊ မတ် ၁၈ ရက်နေ့မှာစတင် သုံးစွဲခဲ့တာဖြစ်ပါတယ်။
ဘာကြောင့်ဒီလို “ဗိုလ်ချုပ်မှူးကြီး” အဆင့်ရာထူးသုံးစွဲ လာရသလဲဆိုတာကို (မြဝင်း)ဆိုသူပြုစုရေးသားတဲ့ “တပ်မတော် ခေါင်းဆောင်များ သမိုင်း အကျဉ်း(၁၉၄၂ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ )” စာအုပ်၊ စာမျက်နှာ (၈၆ – ၈၇) မှာအခုလိုဖေါ်ပြပါရှိပါတယ်။
“ — ထို့အပြင် တပ်မတော်ကြီးကို တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မတော်၏ဖွဲ့စည်းမှု၊ တာဝန်ဝတ္တရားများ အုပ်ချုပ်ကွပ်ကဲမှု ဆိုင်ရာ ကိစ္စရပ်များနှင့် လိုက်လျောညီထွေရှိမည့် ပြင်ဆင်ဖွဲ့စည်းမှုများကို ပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်သည် (၁၈- ၃- ၉၀) ရက်နေ့မှ အစပြု၍ ဗိုလ်ချုပ်မှူးကြီး အဆင့်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်များကို ထမ်းရွက်နေသူဖြစ်ပါသည်”
ယနေ့အထိ စစ်တပ်မှာ ကာကွယ်ရေးဦးစီးချုပ်လုပ်ခဲ့သူများမှာ ဗိုလ်ချုပ်စမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီးစန်းယု၊ ဗိုလ်ချုပ်ကြီး သူရတင်ဦး (ယခု NLD နာယကကြီး) ၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆိုပြီး ၈ ဦးရှိပါပြီ။
ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သော်လည်း ကာကွယ်ရေးဦးစီးချုပ်ဖြစ်မလာခဲ့သူများကတော့ ဗိုလ်မှူးချုပ် စောကြာဒိုး၊ ဗိုလ်မှူးချုပ် အောင်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး အေးကို၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ဖြစ်ပါတယ်။
၆၇ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်း (၂၇ မတ် ၂၀၁၂) မှာ ဗိုလ်မင်းအောင်လှိုင်က “ — တပ်မတော်ကို ဗိုလ်ချုပ်ကြီး နေဝင်းနှင့်ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က လက်ဆင့်ကမ်းအမွေဆက်ခံပြီး စည်းကမ်းကောင်းသော၊ စနစ်တကျရှိသောခေတ်မီ တပ်မတော် တစ်ရပ်အဖြစ် ခေတ်ကာလနှင့်အညီ တည်ဆောက်ပေးခဲ့သည်ကို ကျေးဇူးတင်ထိုက်စွာ တွေ့မြင်ရမည်ဖြစ်ကြောင်း — ” ပြောသွား ပါတယ်။ ဗိုလ်စောမောင် ကို တမင်ချန်လှပ်ခဲ့တာကို အားလုံးသတိပြုမိကြမယ်ထင်ပါတယ်။
ဒီလိုချန်လှပ်ရတဲ့အဓိကအကြောင်းရင်းကတော့ “(နဝတ)ရဲ့ တာဝန်ကြီး ၄ ရပ် ထဲက နောက်ဆုံးတာဝန်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲပြီးလို့ရှိရင် အနိုင်ရတဲ့ပါတီကို အာဏာအပ်ပြီး စစ်တပ်က စစ်တန်းလျားပြန်မယ်” ဆိုပြီး ဗိုလ်စောမောင်ပြောခဲ့တဲ့ ကတိစကားကြောင့်လို့ ယူဆပါတယ်။
ဒါကြောင့် ဒီကတိစကားတွေကြောင့် စစ်အုပ်စုရဲ့“လက်ဆင့်ကမ်းအမွေ”ကိုပေးခဲ့ကြသူတွေထဲမှာ ၊ “ကျေးဇူးတင်ထိုက်သူတွေ” စာရင်းကနေ ဗိုလ်စောမောင် ကို တမင်တကာဖြုတ်ထားခဲ့ကြတာပါ။
ဗိုလ်စောမောင်ကိုထည့်သွင်းထားခဲ့ရင် ၁၉၉၀ပြည့်ရွေးကောက်ပွဲရလဒ်တစ္ဆေနဲ့ ဗိုလ်စောမောင်ရဲ့ကတိစကားတွေက အတိုက် အခံအင်အားစုတွေအတွက် တိုက်ကွက်ကောင်း တစ်ခုပေးထားရသလိုဖြစ်နေပါလိမ့်မယ်။
တကယ်တော့ စစ်အုပ်စုကဗိုလ်စောမောင်ကို “ခေတ်အဆက်ဆက်၊ စနစ်အဆက်ဆက် အတွေ့အကြုံပြည့်ဝသူ”၊ တွေးခေါ် မြော်မြင်ရာတွင် အလယ်အလတ် သမာသမတ်ကျသူ”၊ “ငယ်ရွယ်သည့်ဘဝမှပင် ဗုဒ္ဓဘာသာတရားတော်ကို နှလုံးသွင်း အားထုတ်ခဲ့သူ”၊ ကြည်လင်ပြတ်သားသော ဘဝအမြင်ရှိသူ”၊ မျိုးချစ်စိတ်ဓါတ်ခိုင်မာထက်သန်သူ”၊ “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များတွင် ဗိုလ်ချုပ် မှူးကြီး စောမောင်သည် နိုင်ငံတော်အားကယ်တင်ခဲ့ရသည့် ဒုတိယမြောက်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တပ်မတော်သမိုင်းတွင် ကမ္ပည်း တင်နိုင်ခဲ့ပေသည်” ဆိုပြီး (မြဝင်း) ဆိုသူပြုစုရေးသားတဲ့ “တပ်မတော်ခေါင်းဆောင်များသမိုင်းအကျဉ်း(၁၉၄၂ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ် အထိ )” စာအုပ်၊ စာမျက်နှာ (၆၄ -၆၅) မှာ အမွှမ်းတင်ခဲ့ကြတာပါ။ မြှောက်စားခဲ့ကြတာပါ။
အဲဒီလို အမွမ်းတင်၊ မြှောက်စားခဲ့ကြတာတွေနဲ့ပတ်သက်ပြီး “မြန်မာနိုင်ငံ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ တိုင်းကျိုးပြည်ပြု နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဆောင်ရွက်ချက်သမိုင်းဝင်မှတ်တမ်း (၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်) စာအုပ်”၊ စာမျက်နှာ (၉ မှ ၂၁ ထိ) ဖေါ်ပြထားတဲ့ “ဗိုလ်ချုပ်မှူးကြီးစောမောင်အထ္ထုပ္ပတ္တိ” ဆိုတာကိုလည်း ဖတ်ကြည့်နိုင်ပါတယ်။
စစ်အုပ်စုက စိတ်တိုင်းကျအမွှမ်းတင်ခဲ့ပေမယ့် ၁၉၉၀ ပြည့်ရွေး ကောက်ပွဲရလဒ်ကလည်း သူတို့ထင်သလိုဖြစ်မလာ၊ ဗိုလ်စော မောင်ရဲ့ ကတိစကားတွေကလည်း မထွေးနိုင်မမြိုနိုင်ဖြစ်ဆိုတော့ နောက်ဆုံးမှာ (နဝတ) ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင် ကို ၁၉၉၂ ခုနှစ်၊ဧပြီ ၂၃ ရက်မှာ ရာထူးကနေ ဖယ်ထုတ် စွန့်ပယ် လိုက်ကြပါတယ်။
ဒီလိုဖယ်ထုတ်စွန့်ပယ် လိုက်တာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးကတော် ဒေါ်အေးရီ က စစ်ရုံးချုပ်ကိုလာပြီး ရန်ထောင်တဲ့ အကြောင်း အမေရိကန်ရောက် ထောက်လှမ်းရေးဗိုလ်အောင်လင်းထွဋ် ပြောကြားချက်တစ်ခုမှာကြားရဖူးပါတယ်။
ဒါ့အပြင် “ဗိုလ်ချပ်မှူးကြီးရူးသွားပြီ” ဆိုပြီး ထောက်လှမ်းရေးက တီးတိုးဝါဒဖြန့်ပါတယ်။ ၁၉၉၇ ခုနှစ်၊ ဇူလိုင် ၂၄ ရက်မှာ ဗိုလ်စောမောင် ကွယ်လွန်ပါတယ်။
“နိုင်ငံတော်အားကယ်တင်ခဲ့ရသည့် ဒုတိယမြောက် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တပ်မတော်သမိုင်းတွင် ကမ္ပည်းတင်နိုင်ခဲ့ ပေသည်” ဆိုတဲ့စကားရဲ့ အဓိကဆိုလိုချက်က “ဗိုလ်နေဝင်း” ပြီးရင် “ဗိုလ်စောမောင်” ဆိုပြီး ဖေါ်ထုတ်အမွှမ်းတင်တာပါ။ ဒါပေမယ့် ဒီလို “နိုင်ငံတော်အားကယ်တင်ခဲ့သူ ဒုတိယမြောက် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တပ်မတော်သမိုင်းတွင် ကမ္ပည်းတင်နိုင်ခဲ့သူ” ကို စစ်တပ်သမိုင်းကနေ ချန်လှန်ဖယ်ထုတ်ခဲ့တဲ့ စစ်အုပ်စုရဲ့အာဃာတကို လက်ရှိစစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေဆဲရှိကြတဲ့ တိုင်းချစ် ပြည်ချစ် တပ်မှူးတပ်သားတွေ တွေးတော ဆင်ခြင်သတိပြုနိုင်ပါလိမ့်မယ်။ နိုင်ငံရေးသမားများနဲ့ နိုင်ငံရေးပါတီများမှလည်း သတိမူနိုင်ကြ လိမ့်မယ်လို့ ယူဆပါတယ်။
အခြေခံဥပဒေထဲက ဗိုလ်ချုပ်မှူးကြီး
ပြန်ချုပ်ရရင် ဗိုလ်မင်းအောင်လှိုင်ဟာ မကြာမတင်မှာ “ဗိုလ်ချုပ်မှူးကြီး” မင်းအောင်လှိုင် ဖြစ်လာပါလိမ့်မယ်။ ဗိုလ်မင်း အောင်လှိုင် အောက်မှာရှိကြတဲ့ အဆင့်ဆင့်သော စစ်ဗိုလ်များလည်း ရာထူးအဆင့်ဆင့်မြင့်တက်လာကြပါလိမ့်မယ်။ တပ်မမှူးတွေ လည်း “ဗိုလ်ချုပ်” အဆင့်ဖြစ်လာပါလိမ့်မယ်။ “နိုင်ငံတကာအဆင့်” မီအောင် စစ်တပ်ကိုတိုးချဲ့ပါလိမ့်မယ်။ ဒီလိုလုပ်နိုင်ဖို့ ဗိုလ်သန်းရွှေက “လမ်းကြောင်းချမှတ်ပေး”သွားခဲ့ပြီးပါပြီ။ စစ်တပ်ကိုပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ထားနိုင်မှ စစ်အုပ်စု သက်တမ်းရှည်မှာပါ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်ရဲ့ တာဝန်ထမ်းဆောင်ရမယ့် သက်တမ်းကို ဘယ်လောက်အထိ သတ်မှတ် ထားသလဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဘယ်သူကခန့်အပ်တာဝန်ပေးမလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) မှာဖေါ်ပြထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့တာဝန်ဆိုတာတွေကဘာတွေလဲ။ ဒီအချက်တွေဟာ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းတွေ လုပ် ဆောင်ကြမယ့် ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ သိရှိလေ့လာထားကြမယ့်အချက်တွေဖြစ်ပါလိမ့်မယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ရမယ့်သက်တမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖေါ်ပြထားခြင်းမရှိသော် လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဘယ်သူက ခန့်အပ်တာဝန်ပေးမလဲဆိုတာကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၃၄၂) မှာ “နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုခန့်အပ်တာဝန်ပေးရမည်” ဟုပြဋ္ဌာန်းထားပါတယ်။
ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ၂၀ (ခ) မှာ “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စ အားလုံကို လွတ်လပ်စွာစီမံ ခန့်ခွဲ စီရင်ပိုင်ခွင့် ရှိသည်” ဖေါ်ပြထားလေတော့ –
- ပြည်သူ့လွှတ်တော်သို့ စစ်သားအမတ် (၁၁၀) ဦး စေလွှတ်သည့်ကိစ္စ
- အမျိုးသားလွှတ်တော်သို့ စစ်သားအမတ် (၅၆) ဦး စေလွှတ်သည့်ကိစ္စ
-ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ နယ်စပ်ရေးရာဝန်ကြီး ဌာနအတွက် ပြည်ထောင်စုဝန်ကြီး ခန့်အပ်သည့် ကိစ္စ
- ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန် (၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ (ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ) —
စတဲ့ကိစ္စများကို ပြည်သူလူထုကရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် မည်သို့ ပြုပြင်ပြောင်းလဲ ယူကြ မည်နည်း။
“တပ်မတော်၏လွတ်လပ်စွာစီမံ ခန့်ခွဲ စီရင်ပိုင်ခွင့်”ကို မည်သို့ ထိန်းချုပ်ကြမည်နည်း။
စစ်တပ်ပြုပြင်ပြောင်းလဲရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဆိုတဲ့ကိစ္စတွေဟာ “ကျားမြှီးဆွဲရုံ တင်မကဘူး၊ ကျား ကို ဂုတ်ခွစီးရမယ့်ကိစ္စ” မျိုးဖြစ်ပါတယ်။
ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်ရေး ဆိုတဲ့ တာဝန်များကတော့ စစ်တပ်ပြုပြင်ပြောင်းလဲ ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကို ဘယ်လောက်အတိုင်းအတာ အထိလုပ်နိုင်သလဲဆိုတဲ့ အချက်အပ်ါမှာပဲ အဓိက တည်မှီ နေပါတယ်။
ညွန်း
- မြန်မာ့အလင်းသတင်းစာ (၃ ဧပြီ၂၀၁၂ )
- (မြဝင်း)“တပ်မတော် ခေါင်းဆောင်များ သမိုင်းအကျဉ်း(၁၉၄၂ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ) ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ ဇွန်လ
- ၆၇ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်း၊ မြန်မာ့အလင်းသတင်းစာ (၂၈ မတ် ၂၀၁၂)
- “မြန်မာနိုင်ငံ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ တိုင်းကျိုးပြည်ပြု နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဆောင်ရွက်ချက်သမိုင်းဝင်မှတ်တမ်း (၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်) စာအုပ်”၊
- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
မိုးမခမှ ကူးယူဖေါ်ပြပါသည်။
Posted by mya thein

Wednesday, October 26, 2011

လုပ်မစားတတ်တော့သူများနဲ့ လုပ်စားတတ်သူများ

ပြောင်းမှာ မဟုတ်ပါဘူး၊ မယုံနိုင်ပါဘူး၊ ဘောင်းဘီချွတ်တွေကို စိတ်မချဘူးလို့ ပြောနေကြတဲ့ ကြားက မြန်မာ့ နိုင်ငံရေး ကတော့ ပြောင်းလဲ လာနေတာ အမှန်ပဲ။ အဲဒီ အပြောင်း အလဲတွေက ကျွန်တော်တို့ အားလုံး အတွက် အားတက် စရာတွေ ဖြစ်ပေမယ့် ဒီအပြောင်း အလဲတွေကြားက အန္တရာယ်တွေလည်း ရှိသေးတယ်။ အခု ပြောင်းနေတာတွေ နောက်ကြောင်း ပြန်လှည့် သွားမှာကို စိုးရိမ်တဲ့သူတွေက အစိုးရဘက်မှာ သဘောထား တင်းမာသူတွေ ရှိနေပြီး သူတို့ကြောင့် အခု လုပ်နေတာ အကုန် ပြန်ပျက် သွားလိမ့်မယ်လို့ ပြောတယ်။

ဒါကလည်း စိုးရိမ်သင့်တဲ့ အချက်ပဲ။ ဒါပေမယ့် အစိုးရဘက်ကိုချည်း ပြောနေလို့လည်း မပြည့်စုံဘူး။ ကျန်တဲ့ အန္တရာယ်တွေလည်း ရှိသေးတယ်။ အဲဒါတွေ ကတော့ လုပ်မစား တတ်တော့ သူများနဲ့ လုပ်စားတတ်သူများ ကိစ္စပဲ။

လုပ်မစားတတ်သူ ဆိုတာကတော့ ပြည်တွင်းမှာ ဆိုရင် တစ်သက်လုံး အစိုးရနဲ့ စစ်တပ်ကို ကလော် တုတ်ခဲ့ပြီး အခုထိလည်း အဲဒီလိုလုပ်မှ နိုင်ငံရေး လုပ်တယ်၊ ဒီမိုကရေစီ တော်လှန်ရေး လုပ်တာ ဖြစ်တယ်လို့ ထင်နေသူတွေပေါ့။ ဒီလူတွေက အခု နိုင်ငံရေး အခင်းအကျင်းက ကစားနည်း ပြောင်းသွားပြီး လမ်းပေါ် နိုင်ငံရေး မဟုတ်တော့ဘူး ဆိုတာ မမြင်နိုင်ဘူး။ ဒီနေ့ ဒေါ်စုနဲ့ ဇာဂနာတို့က အာရပ် နွေဦးပုံစံက အလုပ် မဖြစ်တော့ဘူးလို့ ပြောတာကို နားမလည်နိုင်ဘူး။ လက်ဝဲ ယောင်ယောင် အတွေးတွေနဲ့ ရန်ငါစည်းတို့၊ လူထု တိုက်ပွဲတို့နဲ့ အစိုးရကို ဖြုတ်ချရေး လမ်းကိုပဲ စိတ်ကူး ယဉ်နေတုံးပဲ။ ဒီလူတွေက အခု ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းသစ်မှာ မလုပ်တတ် တော့ဘူး။ ဒီတော့ ကစားနည်း အသစ်ကို ကစားနေတဲ့ သူတွေကို ပြောင်မပြောရဲရင်တော့ မထိခလုတ် ထိခလုတ် ပြောနေသူတွေ ဖြစ်တယ်။

ပြည်ပမှာ ဆိုရင်တော့ လုပ်မစားတတ်သူ ဆိုတဲ့သူတွေက အရှင်းဆုံး ပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှိနေမှ၊ ဒေါ်စု အကျယ်ချုပ် ခံနေရမှ နိုင်ငံခြားမှာ တောင်းလို့ ကောင်း၊ Campaign ဆင်လို့ ကောင်း၊ ပရိုဂျက်တင်လို့ ကောင်းတဲ့ သူတွေပဲ။ ဒီလူတွေ အတွက်က မြန်မာ နိုင်ငံ့ရေးမှာ အဖြေ ထွက်သွားပြီ ဆိုရင် ထမင်းစား လက်မှတ် ပျောက်ပြီပေါ့။ ဒီလို အခြေ အနေသစ်မှာ လုပ်မစား တတ်ပြန်တော့ ပြည်တွင်းက အခြေအနေ မှန်သမျှကို အပျက် သဘောနဲ့ပဲ ပြောနေ၊ လှုံ့ဆော်နေတုံး ဆိုတာ တွေ့ရမှာ ဖြစ်တယ်။ ဒါ့အပြင် အပြင် ရောက်နေပြီး အခု ပြည်တွင်းကို ပြန်သွားကာ လှုပ်ရှားနေတဲ့ ဗဟုအဖွဲ့က လူတွေကိုလည်း ဝေဖန် အပုတ် ချနေတာလည်း ဒီလို လူတွေပဲ။ အဲဒီထဲမှာ မြန်မာတွေ သာမက မြန်မာ့ အရေးကို ဆင်ဖြူတော်မှီ ကြံစုတ်နေတဲ့ အဖြူ ကောင်တွေ၊ အမည်း ကောင်တွေလည်း ပါတာပဲ။

ဒီတော့ အတွင်း၊ အပြင် နှစ်နေရာလုံးမှာ ရှိနေတဲ့ လုပ်မစားတတ် သူများဟာလည်း ဒီကနေ ဦးသိန်းစိန်နဲ့ ဒေါ်စု သွားနေတဲ့ တူတာ တွဲလုပ်၊ မတူတာ အတွက် ယုံကြည်မှု တည်ဆောက် အဖြေရှာဆိုတဲ့ လမ်းကြောင်း ပျက်ဖို့အတွက် လုပ်မယ့်သူတွေ ဖြစ်တယ်။ ဒါလူတွေဟာလည်း အစိုးရထဲက သဘောထား တင်းမာသူတွေလိုပဲ အန္တရာယ် အဖြစ် မြင်ရမယ့် လူတွေ ဖြစ်တယ်။

အဲ လုပ်မစားတတ်တဲ့သူတွေလိုပဲ အန္တရာယ်ကြီးတဲ့ သူတွေကတော့ လုပ်စားတတ် သူများပဲ။ အဲဒီ လုပ်စားတတ်သူတွေ အများဆုံး ရှိတဲ့နေရာ ကတော ဂျာနယ် လောကဆိုရင် မမှားဘူး။ တစ်ချိန်တုံးက ပြန်ကြားရေး ၀န်ကြီးနားမှာ ၀ိုင်းနေခဲ့ပြီး စာနယ်ဇင်း အဖွဲ့မှာ ဆရာကြီးလုပ်၊ သတင်းစာ ရှင်းလင်းပွဲမှာ စာပေ ကင်ပေတိုင်က ချပေးတဲ့ နှပ်ကြောင်းပေး မေးခွန်းတွေ ထမေး လုပ်ခဲ့တဲ့ မြတ်ခိုင်၊ ကိုကိုတို့က ဂျာနယ် လောကရဲ့ လုပ်စားတတ် သူများထဲမှာ ရှေ့ဆုံးက ဦးဆောင် နေသူတွေဆိုရင် မမှားဘူး။ အရင်တုံးက နံမည်ဝှက်နဲ့ အတိုက် အခံတွေကို ဆော်ပလော်တီးတဲ့ စာမျိုးတွေတောင် ရေးနေသူတွေက အခုကျတော့ ဗိုလ်ချုပ်၊ ဒေါ်စု၊ ဦးဝင်းတင်၊ ဇာဂနာ၊ ဆရာ မောင်စွမ်းရည်၊ ဆရာ တင်မိုး၊ ဆရာ ကိုလေး (အင်းဝ ဂုဏ်ရည်) တို့ကြောင်း ရေးပြရ၊ အင်တာဗျူးရ၊ သူတို့ စာမူဟောင်းတွေကို ဖုန်ခါပြီး ပြန်ထုတ်ကြနဲ့ ဖြစ်နေလိုက်ပုံများ၊ ဟိုတုံးက စာပေစိစစ်က ပိတ်ထားလို့ ရေးခွင့်မရဘူး ဆိုတာ ထားလိုက် အဲဒီ လူတွေ ထောင်ထဲ ရောက်နေတုံး၊ သူတို့ ပြည်ပ ရောက်နေတုံး ကျန်ခဲ့တဲ့ မိသားစုများကို ဘာတွေများ ကူညီ ခဲ့ပေးသလဲလို့ မေးကြည့်လိုက်၊ ဘာမှ လုပ်မပေးခဲ့တာ တွေ့ရလိမ့်မယ်။ သူတို့ နှစ်ယောက်လိုပဲ အခုမှ ခါတော်မီ လုပ်စား လာသူတွေ၊ အထူးသဖြင့် ရွက်ပြန်ဖွင့်တော့မယ့် အင်န်အယ်လ်ဒီ လှေကြီးပေါ် ခုန်တက်ဖို့ လုပ်နေတဲ့ ကြွက်တွေ အများကြီး ရှိတယ်။ ဂျာနယ် လောကသာ မဟုတ် နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍ အားလုံးမှာ ရှိတယ်။ မတွေ့ဘူးလား တေဇတောင် ရှစ်လေးလုံးတုံးက လမ်းပေါ်လျှောက် ဆန္ဒပြခဲ့ပါတယ် ဆိုပြီး လုပ်လာတာ၊ ကျုပ်တို့မှာ အဲဒီ သတင်းဖတ်ပြီး ရီလိုက်တာ ဖတ်ဖတ်မောလို့။ နောက်လာဦးမယ် ဇာဂနာ၊ စုစုနွေးနဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေကို လုပ်စားမယ့် ကိစ္စတွေ။

အဲဒီလို လုပ်စားတတ် သူတွေက မလုပ်စားတတ် သူတွေထက် ပိုကြောက်ဖို့ ကောင်းတယ်။ သူတို့က လူတွေကို ပေါင်းစားတဲ့ နေရာမှာ အံခွနေပြီ ဆိုတော့ ဒေါ်စုလို လူမျိုးတောင် အခန့်မသင့်ရင် သူတို့ မွေးစားတာ ခံသွားရနိုင်တယ်။ ကျွန်တော်တို့လို သာမန်လူ တွေကလည်း ဒင်းတို့ကို မီဒီယာ သူရဲကောင်းကြီးတွေ၊ ဒီမိုကရေစီ သူရဲကောင်းတွေလို့ မြင်သွားဖို့ မခက်လှဘူး။

တကယ်တော့ အခု အပြောင်းအလဲ ကာလဟာ အခြေမခိုင်သေးဘူး။ ကောင်းသွားနိုင်သလို ပြန်ဆိုးသွားနိုင်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဆန်ရွေးသလို ရွေးဖို့လိုတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေး ပါမလာဖို့ အဖျဉ်း အမှော်တွေ ဖယ်ပစ်ဖို့ လိုတယ်။

ဒါ့ကြောင့် လုပ်မစားတတ်တော့ သူက ပြုပြင် ပြောင်းလဲရေး ရေစီးကြောင်းကြီးကို ဖျက်မပစ်အောင်၊ လုပ်စားတတ် သူတွေက ခေါင်းရင်း ခေါင်းဖျားမှာ တက်မထိုင်အောင် ဆန်းစစ်ကြပါလို့ နှိုးဆော်ချင်တယ်။
မျိုးဆက်သွေး
Posted by ပိတောက်မြေ at 12:33:00 AM

Sunday, October 2, 2011

နိုင်ငံသားအဖြစ်သတ်မှတ်ပုံ

မြန်မာနိုင်ငံမှာ အစ်စလာမ်ဘာသာဝင် မူဆလင်လူမျိုးများဟာ မြန်မာနိုင်ငံသား မှတ်ပုံတင် ရရှိဖို့ အခက်အခဲတွေရှိနေပေမယ့် တရုတ်နိုင်ငံသား တချို့ ကြတော့ မြန်မာနိုင်ငံသားမှတ်ပုံတင် အလွယ်တကူရရှိနေကြတာနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက ဘီဘီစီ နဲ့ တွေ့ ဆုံဆွေးနွေးခန်းမှာ ရှင်းပြခဲ့ပါတယ်။
ိနိုင်ငံသားဆိုသည်မှာ မူဆလင်၊ဗုဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓဘာသာ မခွဲခြားပဲ အထောက်အထားမှန်မှန်ကန်ကန်နဲ့  လျှောက်ထားနိုင်ကြောင်း၊ တိုင်းရင်းသားစစ်စစ်မဟုတ်သူတွေဆိုရင်တော့ မြန်မာနိုင်ငံမှာ ဘယ်လောက်အနေကြာကြာ နိုင်ငံသားအဖြစ်လျှောက်ထားရာမှာ နိုင်ငံသား နှစ်ခုခံယူခွင့်မရ တဖက်ကို စွန့် လွှတ်ရမယ်လို့ ဦးခင်ရီက ပြောပါတယ်။
တရုတ်လူမျိုးတချို့ ဆိုရင် မြန်မာစကားတောင် ကောင်းကောင်းမတတ်ပဲ နိုင်ငံသားမှတ်ပုံတင်နှစ်ခုသုံးခုကို ကိုင်ဆောင်ခြင်းကိုလည်းတွေ့ ရှိရင် ဥပဒေအရအရေးယူမှာ ဖြစ်တဲ့အကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့ အားနည်းမှုရှိရာမှာ ငွေကြေးကိစ္စရောထွေးမှုရှိသလို ၀န်ထမ်းလူငယ်တွေဖက်က ရှင်းရှင်းလင်းလင်းပြောဆိုခြင်းမရှိတဲ့အတွက် တဖက်ကလည်းနိုင်ငံသားမှတ်ပုံတင်ရရှိမှုအတွက်ငွေကြေးအကုန်အကျခံမှုတွေရှိတတ်ပုံကိုလည်း ဦးခင်းရီက ဘီဘီစီနဲ့ တွေ့ ဆုံမေးမြန်းခန်းမှာ ဖြေကြားသွားပါသည်။