Tuesday, April 28, 2009

နအဖရဲ့ရုပ်ပုံများ







































































































































Sunday, April 26, 2009

-ကျော်သိင်္ခ-ဧပြီလ ၂၅ ရက်

ကျနော် အိမ်ပြန်ရောက်လာမှ အိမ်က ခါတိုင်းထက် လူပိုပြီး စည်ကားနေသည်ဟု ထင်ရသည်။ တစ်နေ့တစ်နေ့ နိုင်ငံခြားပြန် ကျနော့် အိမ်ကို လာကြသည့် သူတွေချည်းဘဲ အနည်းဆုံး ၁၀ ယောက်လောက်ရှိသည်။ မေးလိုက်ကြသည့်မေးခွန်းတွေ ကလည်း ပြောပါနှင့်တော့။ ကျနော့်မှာ သေရွာက ပြန်လာသလို။ ကျနော် အိမ်မှာနေရတာ အနေအထိုင် ကျဉ်းကြပ်လာသည်။ တစ်ချို့သူတွေကလည်း မလေးရှားရောက် ဗမာအလုပ် သမား ဒုက္ခသည်တွေအကြောင်းကို ကြားရတော့ ကျနော့်ကို အေးအေးချမ်းချမ်း အစိုးရအလုပ်လေးနှင့်ဘဲ ရောင့်ရဲ တင်းတိမ်စေ ချင်သည်။ ကျနော် ကျောင်းပြီးစဉ်ကတည်းက ကိုယ်လျှောက်ရမယ့်လမ်းကို ကိုယ်ရွေးပြီးသား။ အစိုးရအလုပ်လုပ်လျှင် လခလေးတော့ ပုံမှန်ရ မည်။ သို့သော် ကိုယ့်အနေနှင့် ခြိုးခြံခြွေတာ နိုင်ပါမည်လား။ (ထိုအချိန်က) အစိုးရအလုပ်လုပ်သူတစ်ယောက်က ထမင်းတော့ နပ်မှန်အောင် စားနေရ သေးသည်။ သို့သော် တက်လမ်းမရှိ။ အစိုးရအလုပ်က စွန့်စားစရာမလို။ သို့သော် အသက်ကြီးလာလျှင် အာမခံချက်က မရှိ။ ပင်စင်လစာလေး နှင့် ယခုကုန်ဈေးနှုန်းတွေ နှင့် စားလို့မလောက်။ ကျနော်ကတော့ လူ့ဘ၀ သက်တမ်းတိုတိုလေးမှာ ချမ်းချမ်းသာသာ မနေရရင်တောင် လူတန်းစေ့လေးနေချင်သေးသည်။ ရွှေငွေ မ၀တ်နိုင်ရင်တောင်၊ လက်ဘက်ရည်ဆိုင်လေးတော့ ပုံမှန်ထိုင်ချင်သေးသည်။ ထမင်းနပ်မှန်ချင်သည်။ လက်ထဲတွင် ကိုယ့်ကျန်းမာရေးအတွက် ငွေပိုငွေလျံလေးတော့ ကိုင်ထားချင်သေးသည်။ ထို့ကြောင့် လည်း စွန့်စားမှု တွေ၊ စိန်ခေါ်မှုတွေ နှင့် ရင်ဆိုင်ရမည့် ပြင်ပအလုပ်ကိုဘဲ စိတ်ဝင်စားသည်။ ထိုလမ်းကိုဘဲ ရွေးခဲ့သည်။ ထို့ကြောင့် ကိုယ်ရွေးချယ်ခဲ့သည့် လမ်းကြောင်းပေါ်မှာ ကိုယ်လျှောက်နေသည့် အတွက် နောင်တမရပါ။ ရစရာလည်း မလို။ ယောက်ျားဘဲ၊ ကိုယ်ခင်းသည့် လမ်းကို ကိုယ်ရဲရဲ လျှောက်နိုင်ရမှာပေါ့။ဒီတစ်ခေါက် အိမ်ပြန်ရောက်တော့ နိုင်ငံခြားပြန် ကျနော့်မှာ နောက်ထပ်ပြဿနာ တစ်ခုက ရှိနေသေးသည်။ ညနေ မှောင်စပျိုးလာလျှင် ကျနော် အိမ်ထဲတွင် နေလို့မရတော့။ တစ်နေ့တစ်နေ့ ညနေ ခြောက်နာရီထိုးလျှင်၊ လမ်းထဲက အိမ်ဆိုင်လေးကို ပြေးရသည်။ ခြင်ဆေးခွေ နှစ်ခွေ ၀ယ်ရသည်။ မီးကလည်းပျက်၊ မိုးတွင်းမို့ ခြင်ကလည်း ကိုက်။ မအိပ်ခြင်ဘဲ နှင့် ခြင်ထောင်ထောင်ပြီး အိပ်ယာထဲကိုလည်း မ၀င်ချင်။ အမေကတော့ ခြင်ဆေးခွေဝယ်ရမည်ကို နှမြောသည့်အတွက် ညနေမှောင်စပြုပြီ ဆိုသည်နှင့် သူ့အခန်းထဲမှာ ၀င်ပြီး ခြင်ထောင်ထောင်၊ စောစော အိပ်သည်ဟုပြောသည်။ ကျနော်ကတော့ စာလေးဘာလေးဖတ်ချင်သည့်အတွက် ခြင်ဆေးခွေနှင့်အတူ ဖယောင်းတိုင်ပါ ၀ယ်ရသည်။ အလုပ်ကလည်း မရှိသည့်အတွက် ဖယောင်းတိုင်ဖိုး၊ ခြင်ဆေးဖိုးက နေ့တိုင်းကုန်တော့ ကျနော်လည်း မခံနိုင်။ သို့ နှင့် ကျောင်းတက်စဉ်ကတည်းက အဆောင်မှာ တစ်ခန်းထဲနေခဲ့ကြသည့် အညာက သူငယ်ချင်းက ယခု စမ်းချောင်းမှာ တစ်ယောက်တည်း နေသည် ဟု သိရသဖြင့် သူ့အခန်းတွင် သွားနေမည်ဟု ဆုံးဖြတ်လိုက်သည်။ အိမ်ကိုတော့ တစ်ပတ် တစ်ခါတော့ လာအိပ်မည်ဟု ပြောခဲ့သည်။သို့ နှင့် ကျနော် စမ်းချောင်းက သူငယ်ချင်းအခန်းတွင် သွားနေဖြစ်သည်။ သူက အညာသား။ ကျနော်တို့ ကျောင်းပြီးကြတော့ ကျနော့် ကျောင်းသားမိဘတွေ အဆက်အသွယ်ဖြင့် အသူ့ကို ကုမ္ပဏီတစ်ခုတွင် အလုပ်ဆက်ပေးခဲ့သဖြင့် ယခုထက်တိုင်ပင် ထိုကုမ္ပဏီတွင် သူအလုပ် လုပ်နေသည်။ အညာက သူ့မိဘများ ကလည်း သူ့သားအား သင်တန်းတွေဆက်တက်စေချင်သဖြင့်၊ အညာကနေ မကြာခဏ ဆိုသလို အားလူး၊ ကြက်သွန်တွေကို လူကြုံဖြင့် ပို့ပေးသည်။ မကြာခဏ ငွေလွှဲသည့်အတွက် သူရသည့် လခနှင့်ဆိုလျှင် တော့ စားလို့လောက်သည်။ ကျနော်သူ့ ဆီမှာ သွားနေတော့ သူတို့ မြို့က သူနှင့် အထက်တန်း ကျောင်းတက်ခဲ့ ကြသည့် သူ့သူငယ်ချင်းလည်း အတူနေသည်ဟု သိရသည်။ သို့နှင့် ကျနော်တို့ သုံးယောက်သား တစ်ခန်းတည်းတွင် နေဖြစ်ကြသည်။ ထို သူငယ်ချင်းက Physics နှင့် ကျောင်းပြီးသွားပြီ။ သူ့တွင် ရှိသော certificates တွေကို ကျနော့်ကို ထုတ်ပြတော့ ကျနော် အံ့သြရသည်။ LCCI Level 3 လည်းပြီးသွားပြီ။ ကုမ္ပဏီမှာ လုပ်ဖို့ အင်္ဂလိပ်စာ skills လေးမျိုး ကျွမ်းကျင်ရမည် ဆို၍ သင်တန်းတွေတက်တာလည်း ပြီးသွားပြီ။ ကားမောင်းလိုင်စင် လည်း ရထားပြီးသား။ သူကဲ့သို့ ကျောင်းပြီး သူတွေ၊ LCCI ပြီးသူတွေ ကားမောင်းလိုင်စင် ရထားပြီးသူတွေ နှင့် ယှဉ်ပြီး အလုပ်လျှောက်တော့ အလုပ်မရ။ ဘာဖြစ်လို့လဲဟု မေးကြည့်တော့ အချို့အလုပ် တွေက လုပ်သက် သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်နှင့်အထက် ရှိမှ ရမည်ဟုဆိုသည်။ အချို့အလုပ်တွေက အကပ်နှင့် ခေါ်သည်။ အချို့ အလုပ်တွေကျတော့ လခကနည်းသည်။ ကျောင်းပြီးဖို့ အချိန်ရောလူရော တက္ကသိုလ်ကျောင်း မှာ လူရော၊ ငွေရော၊ အချိန်တွေရော သုံးနှစ်တောင် ရင်းထားခဲ့ရသည်။ ကျောင်းပြီးပြန်တော့ LCCI ဖြေဖို့ သင်တန်းတွေလည်း တက်ထားရသေးသည်။ ဖြေပြန်တော့လည်း ဒေါ်လာတွေပေးပြီး ဖြေထားရသည်။ ပြီးတော့ အင်္ဂလိပ်စကားပြော ရှိသေးသည်။ ကားမောင်းလိုင်စင်ရဖို့ ကလည်း အလွယ်တကူ ရခဲ့သည် မဟုတ်။ အကပ်ကောင်းလို့ ရခဲ့သည်သာဖြစ်သည်။ သို့သော် ရသည့် အလုပ်က သုံးသောင်း၊ လေးသောင်းလောက် ဆိုတော့ Certificates ကြီးတွေ ကိုင်ပြီးတော့ ရန်ကုန်မြို့ လှည်းတန်းနားမှာ အလုပ်သွားရှာ လိုက်၊ မြို့ထဲကို ပြေးလိုက် အချိန်တွေ ကုန်လိုက်တာ။ တစ်နေ့တစ်နေ့ အလုပ်အင်တာဗျူးထိုင်ဖို့အတွက် မနက်အစောကြီး ထပြီး၊ ရေမိုးချိုး၊ ဖြီးလိမ်း၊ စာရွက်စာတမ်းတွေ အစုံပါရဲ့လား စစ်ရ။ ညနေအခန်းကို ပြန်လာတော့ လူက တစ်နေ့လုံး မြို့ထဲမှာ ဟိုပြေးဒီပြေး ပြေးလာရ၊ ကားကြပ်ကြပ်တိုးစီးလာခဲ့ရတော့ အခန်းလဲရောက်ရော လူလည်း ပျိုင်းနေပြီ။ အလုပ်ရခဲ့လားလို့ မေးလိုက်တော့၊ နောက်တစ်ပတ်မှာ သိရမယ်လို့ပြောတယ်။ အချိန်ပိုလို့ အခြားအလုပ်တွေကိုလည်း သွားလျှောက်ကြောင်း၊ လခက ကားခနှင့် ဘယ်လိုမှ မလောက်သည့်အတွက် လုပ်လို့မဖြစ်ကြောင်း သိရသည်။သူငယ်ချင်း ရဲ့ ထိုသူငယ်ချင်းက ကျနော့်ကို အလုပ်ကူပြီး ရှာပေးရန်ပြောပါသည်။ ကျနော်ကျောင်းတက်နေစဉ် က စာလည်းတစ်ဖက်က သင်နေသည့်အတွက်ကြောင့် အလုပ်အကိုင်နှင့် ပက်သက်၍ အဆက်အသွယ် အတော်များများ ရှိခဲ့သည်။ ထို့ကြောင့်လည်း ကျနော့်သူငယ်ချင်း ကို အတွေ့အကြုံမရှိဘဲ အလုပ်ကောင်း ကောင်းသွင်းပေးနိုင်ခဲ့သည်။ သို့သော် ယခု ကျတော့ ကျနော့်မှာ စာလည်း မသင်တော့သည့်အတွက်ကြောင့် ကျောင်းသားမိဘများအိမ်သို့ သွားရောက်ကာ အကူအညီ တောင်းမနေချင်တော့။ ထို့ကြောင့် ကျနော့် သူငယ်ချင်း ၏ သူငယ်ချင်းကို ကျနော့်အနေ နှင့် မကူညီနိုင်ခဲ့ပါ။ သို့သော် ကျနော် ၁၀ တန်းအောင်ကာစက လှိုင်သာယာတွင် အလုပ်လုပ်ခဲ့ဖူး သော အလုပ်တစ်ခုသို့ ကျနော် အလည်သွားရင်း သူ့အတွက် အလုပ်ကိစ္စ လည်း စုံစမ်းဦးမည်ဟုဆိုကာ လှိုင်သာယာဘက်သို့ သွားခဲ့သည်။၁၀ တန်းအောင်ကာစက လှိုင်သာယာမှာ အလုပ်ရှာမည်ဆိုပြီး၊ အိမ်ကနေ ကျနော် ထွက်ခဲ့သည်။ အလုပ်မရမချင်း အိမ်ကိုပြန်မလာဟု ဆိုကာ ကျနော် အလုပ်ရှာရင်း လှိုင်သာယာက အဖွားကြီးတစ်ယောက်၏ အိမ်တွင် နေခဲ့ဖူးသည်။ ယခုလည်း ထိုအဖွားကြီးကို သတိရ၍ ကျနော် သွားလည်ရန် စိတ်ကူးရသွားသည်။ ကျနော် အဖွားကြီး အိမ်ရှေ့ရောက်တော့၊ အိမ်က အရင်လိုဘဲ ဘာမှ မပြောင်းလဲ။ ဓနိဖက်ကလေး ကျိုးတို့ကျဲတဲ၊ ထရံလေးက ဟိုနေရာတစ်ပေါက်၊ ဒီနေရာတစ်ပေါက်။ အိမ်အောက်မှာက ခါတိုင်းလိုဘဲ ရေမြောင်းတွေ ပိတ်နေသဖြင့် ရေက ၀ပ်နေသည်။ ဟိုရောက်တော့ ကျနော်ကအဖွားကြီးကို “ဒေါ်ကြီး၊ ကျနော် ဘယ်သူလဲ၊ မှတ်မိသေးလား” မေးရာ၊ အဖွားကြီးက မျက်စိကလည်း ခပ်မှေးမှေးဖြင့် “ဟေ၊ ဘယ်သူပါလိမ့်” ဟု သာပြောပြီး၊ “ ထိုင်ဦး လေကွယ်” ဟု ဆိုသဖြင့် ကျနော်ဝင်ထိုင်လိုက်သည်။ ကျနော်ကပင် စပြီး “ကျော်သိင်္ခလေ၊ မမှတ်မိတော့ဘူးလား၊ ဒီမှာ သေချာကြည့်ပါဦး” ဟုဆိုမှ “ဟယ်၊ ကျော်သိင်္ခ၊ ကြည့်စမ်း ၀ လာလိုက်တာ မှတ်တောင် မမှတ်မိတော့ဘူး။ ဟိုတစ်နေ့က အေးဇော်တို့တောင် လာသွားကြတယ်။ နင့်အကြောင်းမေးတော့ နိုင်ငံခြားမှာ အလုပ်လုပ်နေတယ်ဆို။ နင်ထောနေပြီပေါ့” ဟုဆိုသဖြင့် ကျနော်လည်း“ကဲပါ…ဒီအကြောင်းတွေကို နောက်မှ ပြောပြမယ်၊ အခု ဒေါ်ကြီး ဘာတွေလုပ်နေတာလဲ” ဟု ဆိုသဖြင့်၊ “ဒီမှာလေ ညနေရောင်းဖို့အတွက် ထမင်းရည် ခံနေတာ” ဟုပြောရာ ကျနော် အံ့သြသွားသည်။ “ထမင်းရေကို ရောင်းတာလား” ၊ “အင်းလေ၊ တစ်ပုလင်းကို ၂၀၀ တန်ရှိတယ်၊ ၂၅၀ တန်ရှိတယ်၊ အဲဒါ ညနေ ခြောက်နာရီလောက်ဆို ကလေးတွေ လာဝယ်ကြပြီ။”
လှိုင်သာယာ မီးခွက်ဈေးနားက ထမင်းရည်တစ်ပုလင်း ၂၀၀၊ ၂၅၀ တန်ထမင်းရည်ကုန်သွား၍ တစ်ဝက်ရှိသော ပုလင်းသာဓာတ်ပုံရိုက်နိုင်ခဲ့သည်။(ဓာတ်ပုံ- ကျော်သိင်္ခ)ကျနော် တစ်ကယ်ကို အံ့သြသွားပါသည်။ ထမင်းရည်ကို ၀ယ်ပြီးသောက်နေရတဲ့သူတောင် ရှိနေပြီတဲ့။ ကျနော် ကိုယ့်နားကိုယ်ပင် မယုံချင်ပါ။ သို့နှင့် “ဒေါ်ကြီးကလည်း ဟုတ်ရောဟုတ်ရဲ့လား၊ ကျနော်သာဆို ထမင်းရည်ဝယ်သောက်မယ့်အစား မာမားခေါက်ဆွဲခြောက်ထုပ် ၀ယ်ပြီး ပြုတ်စားမှာပေါ့။” ၊ “အေး..နင်က အဲဒီလိုပြောတယ်။ ဘယ်မှာလဲ ထင်း၊ ဘယ်မှာလဲမီးသွေး၊ နင် အဲဒါတွေမရှိဘဲနဲ့ ဘာနဲ့ ပြုတ်စားမလဲဟဲ့။ အဲဒါတွေသာ လျှောက်ဝယ်ရရင် ဆန်စင်ရာ ကျည်ပွေ့ နဲ့ လိုက်ထောင်းနေသလို ဖြစ်မနေဘူးလား၊ ကိုယ်တော်ရဲ့။” အင်း…ဒါလည်း ဟုတ်ပေသားဘဲ ဟုသော စကားကို ကျနော် စိတ်ထဲကသာ ရွတ်လိုက်နိုင်တော့သည်။ ကျနော့်ပါးစပ်က စွံ့အ သွားသည်။ ကျနော် ရင်ထဲမှာ တော်တော်ကို စိတ်မကောင်းဖြစ်မိသည်။ကျနော် ၁၀ တန်းအောင်ကာစက ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီးကျောင်းဆက်တက်မည်ဟု ဆုံးဖြတ်ပြီး အိမ်ကနေထွက်လာတုန်းက သည်အဖွားကြီး အိမ်မှာနေခဲ့ဖူးသည်။ ဆယ်တန်းကျသော ကျနော့်သူငယ်ချင်းနှင့် အတူလိုက်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ကျနော့်မှာ မနက်မိုးလင်းလျှင် လှိုင်သာယာ စက်ရုံမှာ ရှိရာ ဘက်ခြမ်းသို့ ကားစီးပြီး အလုပ်သွားရှာရသည်။ ပြန်လာလျှင် အဖွားကြီးချက်သော ငါးဟင်း နှင့် ထမင်းစားကြသည်။ တစ်ရက် ကျနော် အလုပ်ရှာမရ၍ စိတ်ပျက်ပြီး စောစောပြန်လာတော့ အဖွားကြီးက အိမ်ကြမ်းပေါက်ကနေပြီး ငါးမျှားနေသည်ကို တွေ့ရသည်။ ဒေါ်ကြီး၊ ဘာလုပ်မလို့ ငါးမျှားနေတာလဲဟုမေးတော့၊ ကျနော်တို့အတွက် ညနေစာချက်ရန် မျှားနေသည်ဟု ပြောပါသည်။ အရင်နေ့များက ကျနော်တို့ စားခဲ့သော ငါးတွေကလည်း သူအိမ်အောက်က ကြမ်းပေါက်ကနေ မျှား၍ ရသည့်ဟာကို ချက်သည် ဟု ပြောရာ ကျနော် အော့ဂလီဆန်သွားသည်။ လှိုင်သာယာ မီးခွက်ဈေးနားက အိမ်တွေက ပြွတ်သိပ်၊ ကြပ်ခဲလို့။ ရေမြောင်းတွေကလည်း ပိတ်ပြီး ရေတွေက ကောင်းကောင်းမစီး တော့ ချေးရေ၊ သေးရေတွေက အိမ်အောက်အထိ မျောနေသည်။ အိမ်တွေက ထမင်းကျန်၊ ဟင်းကျန် တွေကို ၀ါးကြမ်းခင်း အပေါက်ထဲကနေ အောက်ကို ပစ်ချတော့ ငါးတွေက ၀ိုင်းတွတ်ကြသည်။ ငါးပြေမ ကြီးတွေက အကြီးကြီးတွေ။ သို့သော် စဉ်စားသာကြည့်ကြပေတော့။ နောက်နေ့များတွင် ကျနော် အပြင်ကပြန်လာလျှင် မီးခွက်ဈေး၊ ညနေဈေးခင်းက အမဲဆီဖတ် နှစ်ဆယ်ဖိုး ၀ယ်ပြီး၊ အဖွားကြီး ချက်ထားသော ထမင်းနှင့်စားသည်။ ငါးဟင်းကိုတော့ မစားတော့။အခုလည်း အဖွားကြီးက ထမင်းရည်ရောင်းနေသည်ဟု ကြားတော့ အဖွားကြီးများ သက်သက်လုပ်ပြိး ပြောလားပေါ့။ သို့နှင့် ကျနော် ထိုအဖွားကြီးပြောတာ ဟုတ်၊ မဟုတ်ကို စောင့်ကြည့်ရန် ညနေအထိ စကားတပြောပြောနှင့် ကလေးတွေ ထမင်းရည် လာအ၀ယ်ကို စောင့်နေခဲ့သည်။ ညနေခြောက်နာရီ ထိုးခါနီးတော့ ကလေး နှစ်ယောက် ကြွပ်ကြွပ်အိပ် ကလေးတွေကိုင်ကာ အဖွားကြီးဆီမှာ ထမင်းရည်လာဝယ် ကြသည်။ အဖွားကြီးက ထမင်းရည်ကို ပုလင်း နှင့် ချင်ကာ ကြွပ်ကြွပ်အိပ်ထဲကို ဇောက်ထိုးလောင်းထည့် ပေးလိုက်သည်။ ပုလင်းက နှစ်မျိုး တွေ့ရသည်။ ငှက်ပျောဖူးပုလင်း အဖြူရောင် နှင့် ထမင်းရည်ထဲမှာ ပုလင်းတစ်ဝက်လောက် ထမင်းစေ့များ ထည့်ထားသည့်ဟာကို ၂၅၀ တန်၊ ပိတ်စ ပါးပါးနှင့် စစ်ပြီး ထမင်းတလုံးမှ မပါသည့် ထမင်းရည်တစ်ပုလင်းကို ၂၀၀ တန်ဟူ၍ နှစ်မျိုးခွဲထားသည်။ သြော်…ဖြစ်မှ ဖြစ်ရလေ။ ကျနော် မျက်ရည်ဝဲလာမိသည်။ ကျနော်သာ ထိုရပ်ကွက်ထဲမှာ နေသူဆိုလျှင် ထမင်းရည်ကို ရောင်းစားမနေတော့ဘူး။ အလကား ပေးလိုက်မည် သာဖြစ်သည်။ကျနော် စမ်းချောင်းက သူငယ်ချင်းအခန်းကို ပြန်ရောက်တော့ ည ၈ နာရီပင် ထိုးနေပြီ။ အခန်းထဲမှာ သူငယ်ချင်းက ထမင်းစားပြီး၍ စာအုပ် ဖတ်နေသည်။ သူ့သူငယ်ချင်းကတော့ အလုပ်မရသေး၍ စိတ်ညစ်ကြောင်း၊ တစ်နေ့တစ်နေ့ မြို့ထဲကို သွားရသည့်လမ်းစရိတ် စားစရိတ်တွေ ကလည်း ထောင်းကြောင်း၊ အိမ်ကလည်း ပိုက်ဆံ မပို့နိုင်သေးကြောင်း ပြောပြသဖြင့် ကျနော့်မှာ ညနေတုန်းက အဖြစ်ကို မျက်စိထဲကနေ မပျောက်သေးခင်မှာ နောက်ထပ်စိတ်ညစ်စရာတွေ ကြားရသဖြင့် နှစ်ထပ်ကွမ်း စိတ်ညစ်ရသည်။ ကျနော့်ကို တော့ မလေးရှားက သူငယ်ချင်းတစ်ယောက်က မလေးရင်းဂစ် ၂၈၀ ပို့ပေးလိုက်သည့်အတွက် ဗမာငွေ တစ်သိန်း ရလိုက်တော့ အသုံးစရိတ် နဲ့ သွားရေး၊ လာရေး အတွက်တော့ ပူစရာမလို။ သို့သော် ကိုယ်က အလုပ်ရှိသူမဟုတ်တော့ ခြွေတာပြီး သုံးနေရသည်။တစ်နေ့မှာ ပန်းဆိုးတန်းကိုရောက်တော့ ကျောင်းသားမိဘ တစ်ယောက် နှင့် တွေ့ခဲ့သည်။ သူက အိမ်ကို အလည်လိုက်ခဲ့ပါဦးဟု ဆိုသဖြင့် လိုက်သွားသည်။ ဟိုရောက်တော့ နာဂစ်ဖြစ် ခဲ့သည့်အကြောင်းများကို ပြန်ပြောင်းပြောပြသည်။ ကျနော်က အကုန်လုံးသိပြီးခဲ့ပြီဖြစ် ကြောင်း၊ ပြောပြပါသည်။ ကျောင်းသား အမေလုပ်သူက အခန်းထဲမှ အထုပ်တစ်ထုပ်ကို ဆွဲယူလာကာ “ဆရာ..ဒီမှာကြည့်လေ၊ နာဂစ် အမှတ်တရ ဆိုပြီး မင်္ဂလာဈေးထဲက ကျမ ၀ယ်ထားတာ” ဟုဆိုပြီး ခြင်ထောင်တွေကို ထုတ်ပြပါသည်။ နာဂစ်ဖြစ်တုန်းက ပြည်ပနိုင်ငံတွေက လှူသော ခြင်ထောင်များကို မင်္ဂလာဈေးတွင် ရောင်းချနေကြသည်ကို တွေ့၍ တစ်ထည်ကို သုံးထောင့်ငါးရာ နှင့် သုံးထည် ၀ယ်ခဲ့သည်ဟု ပြောပါသည်။ ခြင်ထောင်တွေမှာ တံဆိပ်တွေတောင် မခွာရသေးဘူး။ ကျနော်လည်း ကျနော့်ကို တစ်လုံးပြန်ရောင်းပါလား ဟုဆိုရာ၊ ၄င်းက အမှတ်တရ ၀ယ်ထားသည့်အတွက် မရောင်းနိုင်ကြောင်း ပြောပါသည်။ ကျနော် ထို နာဂစ်ခြင်ထောင်တွေကို ဓာတ်ပုံရိုက်ခွင့်ပြုရန် တောင်းဆိုသော်လည်း သူတို့က ကြောက်သည့်အတွက် မရိုက်စေချင်ဟု ပြောသဖြင့် ကျနော် လက်လျှော့လိုက်ရတော့သည်။ဒီတစ်ခေါက် ဗမာပြည်ကို ပြန်လာတာ စိတ်မချမ်းသာစရာတွေချည်းဘဲ တွေ့နေရကြောင်း၊ သူငယ်ချင်းကို ပြောပြပါသည်။ သို့သော် ကျနော် အကြောင်းစုံကိုလည် သိချင်နေမိသည်။ သူငယ်ချင်းက ကျနော် သွားသင့်သည့် နေရာ တစ်နေရာလည်း ကျန်သေးကြောင်း ပြောပါသည်။ သူက “မင်းကသာ လှိုင်သာယာကို သွား၊ ဟိုသွား ဒီသွားပြီး၊ လူတွေ ဒုက္ခရောက်နေတာကို ပြောပြနေတာ၊ မင်း…ဘီယာဆိုင်တွေကိုရော သွားကြည့်ပါလား” ဟုဆိုသဖြင့် ကျနော် ဘီယာဆိုင်တစ်ခုခု သို့သွားရန် အာရုံရောက်သွားသည်။ သို့နှင့် သူငယ်ချင်း နှင့် ကျနော် တစ်ရက်တွင် အင်းစိန်ရှိ ဘီယာဆိုင်တစ်ဆိုင်သို့ ရောက်သွားသည်။ ထိုဘီယာဆိုင်မှာ လာသောက်သူများ နှင့် စည်းကားနေသည်။ သူငယ်ချင်းက ကျနော့်ကို စကားပြောလျှင် သတိထားပြောရန် မှာပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုဆိုင်မှာ ထောက်လှမ်းရေး အတော်များများ နှင့် ၄င်းတို့၏ နောက်လိုက် သတင်းပေးများ၊ကြံ့ဖွတ်များ ထိုင်သည့် ဆိုင်ဖြစ်သည့်အတွက်ကြောင့်ဟု ပြောပါသည်။ ထိုနေ့က အဆိုပါ ဘီယာဆိုင်တွင် နာမည်ကြီးအဆိုတော် နှစ်ယောက် လာဖျော်ဖြေကြသည်။ အောက်တွင် ဘီယာသောက် နေသော ပရိသတ် လေးငါးယောက်က ပန်းကုံးတွေ တက်စွပ်ကြသည်။ ကျနော် စားပွဲပေါ်မှ Menu ကဒ်ကို ယူကြည့်လိုက်သည်။ အားပါးပါး။ ပန်းကုံးတစ်ကုံး ဈေးနှုန်းကတင် တစ်သောင်းရှိသည်။ စင်ပေါ်မှာ ဆိုင်ဝန်ထမ်း အဆိုတော် မလေးများနှင့် တွဲဆိုသည့်သူများလည်း ရှိသည်။ဧည့်ဆိုစုံတွဲ တစ်သောင်းဟု Menu ကဒ်တွင် ရေးထားသည်။ ကျနော် ထမင်းရည်လာဝယ်သော လှိုင်သာယာက ကလေးတွေ မျက်နှာကို ပြေးမြင်မိပြီး စိတ်မကောင်း ဖြစ်မိသည်။ ကျနော်လည်း ထို Menu ကဒ်ကလေးကို မှတ်တမ်းအနေဖြင့် သိမ်းထားချင်သည့်အတွက် စားပွဲထိုးအလစ်တွင် အဒိန္နာဒါနာကံ ကျူးလွန်လိုက်မိသည်။ ည ၁၁ နာရီထိုးကာနီးကျတော့ ကျနော်က သူငယ်ချင်းအား အိမ်ပြန်ရန် အချက်ပြတော့သည်။ အကြောင်းမှာ ရန်ကုန်မြို့ရှိ ဘီယာဆိုင်များအားလုံး ည ၁၁ နာရီထက် ပိုပြီး မဖွင့်ရဟု အမိန့်ထုတ်ထားသည်ကို ကျနော်သိ သောကြောင့် ဖြစ်သည်။ သို့သော် သူငယ်ချင်းက ယခုညတွင် ဆိုင်က အချိန်ပိုဖွင့်ခွင့် ရနိုင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဆိုင်ထဲတွင် ဘီယာလာသောက် သည့်အထဲတွင် SB လေးကောင်ပါကြောင်း၊ ပန်းကုံးများ တစ်လှည့်စီ တက်စွပ်နေကြသူများမှာ အဆိုပါ လေးကောင်ပင်ဖြစ်ကြောင်း ပြောပြ၍ သိရသည်။ ကျနော်လည်း ဆက်ပြီး ထိုင်ချင်စိတ်မရှိတော့၍ သူငယ်ချင်းကို ပြောကာ နှစ်ယောက်သား တက္ကစီငှားပြီး စမ်းချောင်းသို့ ပြန်ခဲ့ကြ သည်။ အခန်းကိုရောက်တော့ ည ၁၂ နာရီ ထိုးကာနီးနေပြီ။
ဓာတ်ပုံ - ကျော်သိင်္ခကျနော် စနေနေ့တစ်ရက်တွင် အိမ်ကိုပြန်တော့ အစ်မ အကြီးဆုံးကမွေးသည့် တူတွေရောက်နေသည်ကို တွေ့ရသည်။ သူတို့ နှင့် ထမင်းစားပြီး လက်ဘက်ရည်ဆိုင်သွားသည်။ ကျနော်လည်း သူတို့နှင့်စကား အေးအေးဆေးဆေး ပြောချင်သည့်အတွက် လူရှင်းသည့် ဆိုင်ကို ရွေး၍ ထိုင်ကြသည်။ ကျနော်တို့ ထိုင်ပြီး ဆယ်မိနစ်လောက်ရောက်တော့ အနားတွင် ဆိုင်ကယ်ဖြင့်ရောက်လာသော လူခြောက်ယောက်က ဘေးက ၀ိုင်းသုံးခုမှာ လူခွဲပြီး ထိုင်လိုက်သည်ကို တွေ့လိုက်ရသည်။ တူဖြစ်သူက “ဦးကျော်၊ တစ်ခုခုတော့၊ တစ်ခုခုဘဲ” ဟု တီးတိုးဆိုပါသည်။ ကျနော်က “ဘာဖြစ်လို့လဲ” ဟုမေးရာ၊ ၄င်းက “ဘေးမှာ ထိုင်နေတဲ့ ခြောက်ယောက်က ဒီနယ်မြေက ထောက်လှမ်းရေးတွေလေ” ဟု ဆိုသဖြင့် ကျနော် ဘေးနားက ၀ိုင်းများဆီသို့ မျက်စိဝေ့ပြီး ကြည့်လိုက်သည်။ ကျနော့်ကို စိုက်ပြီးကြည့် နေကြသည့် လူခြောက်ယောက်ကို တွေ့လိုက်သည်။ ကျနော် သူတို့မျက်နှာတွေကို အလွတ်ကျက်ပစ်လိုက်သည်။ ပြီးတော့ ကျနော့်တူ တွေ ကြောက်နေမည်စိုး၍ ဘာမှ မဟုတ်ကြောင်း၊ ကိုယ်က ဘာမှ လုပ်ထားတာမဟုတ်၍ စိုးရိမ်စရာမလိုကြာင်း ပြောလိုက်သည်။ ပြီးတော့ နောက်တစ်ခေါက် မှတ်မိနေစေရန် ထိုလူခြောက်ယောက် မျက်နှာကို နောက်တစ်ကြိမ်ဝေ့ကြည့်လိုက်သည်။ ဟုတ်ပြီ၊ ကောင်းကောင်း မှတ်မိသွားပြီ။ သို့နှင့် တူနှစ်ယောက်ကို အချက်ပြကာ စက်ဘီးဖြင့် အိမ်သို့ ပြန်လာခဲ့ကြသည်။ ကျနော် ထိုကိစ္စကို စုံစမ်းရန် ထိုအခေါက်က အိမ်တွင် တစ်ပတ်လောက် နေလိုက်သည်။ထိုရက်အတွင်း ကျနော် အိမ်အပေါ်ထပ်တွင် အနေများပါသည်။ အိမ်အပေါ်ထပ်မှ ဘေးအိမ်တွေကိုသော်လည်း ကောင်း၊ ကျနော့် အိမ်အရှေ့ လမ်းမကို သော်လည်းကောင်း၊ ကောင်းစွာမြင်ရသည်။ နောက်တစ်နေ့ နေ့လည် တွင် ကျနော့်အိမ်အရှေ့မှ ဆိုင်ကယ်တစ်စီး အရှိန်လျော့ မောင်းသွားသည်ကိုတွေ့ရသည်။ ကျနော့်အိမ်ဘက်သို့ လှည့်ကြည့်သွားသည်။ ဒေါ်တုတ်က ထိုသူကို လှမ်းခေါ်ရာ ထိုသူက ဒေါ်တုတ်အိမ်ထဲ သို့ ၀င်သွားသည်။ ဆယ့်ငါးမိနစ်ခန့်ကြာသော် ပြန်ထွက်သွားသည်။ ညနေစောင်းတော့ ကျနော့်အိမ်ဘက်သို့ ဒေါ်တုတ် ကူးလာ သည်။ အိမ်အောက်တွင် ဒေါ်တုတ်က အစ်မအား ကျနော့်ကို မေးရာ အစ်မက ကျနော့်ကို အောက်သို့ဆင်းခဲ့ရန် လှမ်းခေါ်သည်ကို ကျနော်ကြား သည်။ ကျနော် အောက်ထပ်ကိုရောက်တော့ ဒေါ်တုတ်က “အမယ်လေး၊ ဖိုးကျော်ရယ် နင်ကလည်း နိုင်ငံခြားက ပြန်လာမှ ငါတို့ကို စိမ်းနေ လိုက်တာ၊ သူငယ်ချင်းအိမ်မှာ နေနေတယ် ဆို၊ ဘယ်တုန်းကရောက်လဲ” ဟု စပ်စုပါတော့သည်။ သူငယ်ချင်းအိမ်က ဘယ်မှာလဲ ဟုလည်းမေး သည်။ ကျနော် ဒေါ်တုတ်ကို မသင်္ကာပါ။ သို့သော် လောလောဆယ် ကောက်ချက်ချလို့လည်း မဖြစ်။ သေချာအောင် စုံစမ်းရဦးမည်။ ညနေ ထမင်းစားပြီးသော် ကျနော် အိမ်အပေါ်ထပ် ၀ရန်တာ မှာ ပုဏ္ဏားကွယ်ကို မှီပြီး ထိုင်နေသည်။ မီးကလည်း ပျက်နေသဖြင့် အပြင်က လူသွားလူ လာကိုတော့ သဲသဲကွဲကွဲ မမြင်ရ။ ထိုအချိန် ခေါင်းရင်းက ဖွတ်အိမ်သို့ ဆိုင်ကယ်တစ်စီးထိုးရပ်သွားသည်။ ဖွတ်မိန်းမ နှင့် စကားပြောကြသည်။ ပြီးတော့ ထိုသူက ကျနော့်အိမ်ရှေ့တွင် ဆိုင်ကယ်ကို အရှိန်ရှော့မောင်းပြီး၊ ဒေါ်တုတ်အိမ်ထဲသို့ ၀င်သွားသည်။ ကျနော်လည်း ထိုင်ရာမှ ထကာ ဒေါ်တုတ်အိမ်ထဲသို့ လိုက်ဝင်သွားသည်။အိမ်တစပ်မိတ်နားလောက်ရောက်တော့ ကျနော်က “ဒေါ်တုတ်၊ ဘာတွေလုပ်နေလဲ၊ စားပြီးပြီလား၊ တော်ကြာ လာမလည်ဘူးဆိုပြီး စိတ်ဆိုးနေမှာစိုးလို့ လာလည်တာ၊ ဘာကြွေးမှာလဲ” ဟု ပါးစပ်သေနတ်ပစ်ရင်း အိမ်ထဲသို့ဝင် သွားသည်။ ဆိုင်ကယ်စီးလာသော လူမှာ ဒေါ်တုတ်နှင့်စကားပြောရာမှ ကျနော့်ကို တစ်ချက်ကြည့်လိုက်သည်။ ကျနော်လည်း မျက်လုံးချင်းကို တမင်ပင် စုံလိုက်ကာ မျက်နှာကို အလွတ်ကျက်လိုက်သည်။ သေချာသည် ဟိုတစ်နေ့က ကျနော် နှစ်ခါကျက်ခဲ့သော မျက်နှာ။ ထိုသူမှာ သူခိုးလူမိသလို မျက်နှာမျိုးနှင့် ဒေါ်တုတ်အား နှုတ်ပင်မဆက်ဘဲ၊ အိမ်ထဲက ထွက်သွားတော့သည်။ ဒေါ်တုတ်မျက်နှာပျက်သွားသည်ကိုလည်း ကျနော် တစ်ပြိုင်နက် ရိပ်မိလိုက်သည်။ထိုနေ့ကစပြီး ကျနော်ရောက်နေသည့် ကိုယ့်အခြေအနေကို ကျနော်သိလိုက်ပါသည်။ အစစ အရာရာ သတိထားကာမှ တော်ရာကျမည်။ အစားမတော်တစ်လုတ်၊ အသွားမတော်တစ်လှမ်း၊ အပြောမတော် တစ်ခွန်းတည်း နှင့် ကွိသွားမည်။ တရားသဘောဖြင့်ဘဲပြောပြော၊ ကိုယ့်လုံခြုံရေးအရဘဲ ဆိုဆို စားသတိ၊ သွားသတိ၊ ပြောသတိ သတိလက်မလွတ်အောင် ဆင်ခြင်ရတော့မည်။ သြော်…တစ်ချိန်တုန်းက စည်းစည်းလုံးလုံးရှိခဲ့ကြသည့် ကျနော့်အိမ်နီးနားချင်းတွေတောင် ခေတ်ပျက်ကြီးထဲမှာ အာဏာရှင်ထောက်တိုင် သတင်းပေးတွေ ဖြစ်ကုန်ပါ ရောလား။ ကျနော် အိမ်နီးနားချင်းတွေကိုလည်း မယုံတော့ပါ။ဗူးအပေါက်တစ်ရာအား ပိတ်လို့ရချင်ရမည်။ လူ့ပါးစပ်တစ်ပေါက်ဆိုသည်မှာ ပိတ်လို့မလွယ်။ တစ်နေ့ ကျနော့်အစ်ကို အပြင်မှ ပြန်လာတော့ အမေရော၊ အစ်မတွေရော၊ အစ်ကိုတွေရော ကျနော့်အခြေအနေကို ဘယ်ကနေ ဘယ်လိုကြားခဲ့သည်မသိ၊ ကျနော့်ကို ပြောပြကြသည်။ ကျနော့်အတွက် သူတို့ စိတ်မချမ်း သာကြတော့။ ကျနော်ကလည်း ဘာမှ မလုပ်ထားလို့၊ ဘာမှ ဖြစ်မှာမဟုတ်ပါဘူး။ စိတ်မပူကြပါနဲ့ ဟုသာ ပြောရသည်၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ရမည်။ တစ်ကယ်တမ်းခံရမည် ဆိုလျှင်တောင်၊ လုပ်ပြီးမှသာ ခံမည်။ လုပ်ရင်တောင် တန်အောင် လုပ်မည်။ ပြီးမှ ခံမည်။ ကိုယ်ဘာမှ မလုပ်ရသေးဘဲနှင့်တော့ အသားလွတ်မခံနိုင်ပါ။ ကျနော့်အဖြစ်အပျက် အားလုံးကို ပြည်ပမှ သူငယ်ချင်းများအား မေးလ် ပို့ပြီး ပြောပြရသည်။ သူတို့ကလည်း ကျနော့်အတွက် ပူကြပြီ။ ကျနော့်အပူက သူတို့အားလုံးကို ကူးစက် သွားသည်။ ကျနော့်ကို ထောင်အကျမခံနိုင်။ သူငယ်ချင်းအချို့က ငွေအချို့ပို့ပေးသည်။ ပြည်ပ ပြန်ထွက်လာနိုင်ရန်လည်း ကူညီကြသည်။ ကျနော့်အိပ်ထဲတွင် ပိုက်ဆံကို အမြဲတမ်း လုံလုံလောက်လောက်ထည့်ထားရန်လည်း မှာကြသည်။သို့နှင့် ငွေလမ်းခင်းကာ ခရီးသွားစာရွက်စာတမ်းကိစ္စကို သူငယ်ချင်းတစ်ဦးနှင့်လွှဲပြီး အကုန်လုပ်ခိုင်း ရတော့သည်။ တစ်လကြာမည်ဟုပြော သည်။ သို့သော် ကိစ္စမရှိ။ တစ်လအတွင်း သည်လိုဘဲ နေလိုက်မည်။ တစ်ရက်ကျတော့ ကျနော်မြေနီကုန်းမှ မြို့ထဲသို့အသွား၊ မြေနီကုန်းမှတ်တိုင်တွင် ကျနော့်ဘေးနားမှ မတ်တပ်ရပ်ကာ ကျနော့်ကို ကျက်နေသည်ဟု ထင်ရသော မျက်နှာတစ်ခုကို ကားစောင့်ရင်း သတိထားမိသည်။ မြေနီကုန်းမှ မြို့ထဲသို့ သွားလျှင် ၄၅၊ ၄၈၊ ၅၁ နှင့် အခြားလိုင်းကား ပေါင်းစုံရှိသည်။ ကျနော်မှတ်တိုင်တွင် မိနစ် ၂၀ လောက်ပေပြီးရပ်နေလိုက်သည်။ ထိုအတောအတွင်း မြို့ထဲသို့ သွားသည့်ကားများ တစ်စီးပြီးတစ်စီး လာရပ်သွားသည်။ သို့သော် ကျနော့်ကို ကျက်နေသော သူက လိုက်မသွား။ မှတ်တိုင်မှာလည်း လူကရှင်းသွားသည်။ ဒိုင်နာဂေါင်းတိုတစ်စီးလာရပ်သည်။ ကားပေါ်မှာ ခရီးသည်အနည်းငယ်သာပါသည်။ ကျနော်ကားပေါ်ကို လိုက်တက်တော့ ထိုသူကလည်း လိုက်တက်သည်။ ကားထွက်သွားသည် နောက်မှတ်တိုင်က ဟယ်လ်ပင်န် မှတ်တိုင်၊ စပယ်ယာက မှတ်တိုင်ကို မေးသည်။ ဘယ်သူမှ မဖြေ။ နောက်ထပ်တစ်မှတ်တိုင်က ပဲခူးကလပ်၊ စပယ်ယာက မှတ်တိုင်မေးသည်။ ဘယ်သူမှ မဖြေ၊ သို့နှင့် ကျနော်က မှတ်တိုင်ပါသည်ဟုပြောသည်။ ထိုလူကလည်း ပါသည်ဟု လိုက်ပြောသည်။ ပဲခူးကလပ်ရောက်တော့ အတက်လူ ရှိသည့်အတွက်လည်း ကားက ရပ်သည်။ ကျနော်မဆင်းပါ။ ထိုလူလည်း မဆင်းပါ။ နောက်ထပ်တစ်မှတ်တိုင်က စိန်ဂျွန်းမှတ်တိုင်၊ စပယ်ယာက မှတ်တိုင်မေးသည်။ ခရီးသည်တစ်ဦးက ပါသည်ဟုဖြေသည်။ စိန်ဂျွန်းရောက်တော့ အဆိုပါ ခရီးသည်တစ်ဦးဆင်းသည်။ နောက်မှတ်တိုင်က စံပြ။ စပယ်ယာက မေးသည်။ မည်သူမှ မဖြေ၊ သို့နှင့် ကျနော် က စံပြ ပါသည်ဟုပြေရာ၊ ထိုလူကလည်း ပါသည်ဟုပြောသည်။ စံပြမှတ်တိုင်ရောက်သော်၊ ကျနော် မဆင်းပါ။ ထိုသူလည်း မဆင်းပါ။ အတက်ခရီးသည် ရှိနေ၍သာ စပယ်ယာနှင့် စကားမများရခြင်းဖြစ်သည်။ သို့မဟုတ်ပါက ခဏခဏ ဆင်းမည်ပြောပြီး မဆင်းပါက စပယ်ယာ စိတ်တိုမည်။ သို့နှင့် စံပြမှတ်တိုင်ကနေကား စထွက်ပြီး မီးပွိုင့်တွင် မီးနီသွားသည်။ ထိုအခါ ကျနော် ဖျက်ကနဲ ကားပေါ်မှ ဆင်းလိုက်သည်။ မီးပွိုင့်စိမ်းသွားသည်၊ ကားလည်း ထွက်သွားသည်။ ထိုသူ အငိုက်မိ သွားသည်။ ထိုလူက ကျနော့်ကိုလှမ်းကြည့်နေသည်ကို မြင်ရသည်။ ကျနော့် အသေးစားအောင်မြင်မှုတစ်ခု အတွက် ထိုသူကို တက်တာ လှမ်းပြလိုက်သည်။ ကျနော့်ကိုယ် ကျနော် ငယ်ငယ်တုန်းကလို လိုက်တမ်းပြေးတမ်း စကားနေသည်ဟုသာ တွက်ထားသည်။ အခုလို လှည့်စားလိုက်ရတာကိုက ကျနော့်အတွက် ပျော်စရာတစ်ခုလို့ထင်ထား သည်။ကျနော် ထိုအတောအတွင်း အလားတူ ဖြစ်ရပ်တော်တော်များများ ကြုံခဲ့ရသည်။ နောက်ပိုင်းတွင် လမ်းသွားလမ်းလာများ၊ ကားပေါ်မှ ခရီးသည်များ၏ အ၀တ်အစား ၀တ်ဆင်ပုံများကို သုတေသန လုပ်ရသည်။ ဘယ်ကိုသွားသွား အမျိုးသား အများစုမှာ အင်္ကျီဆိုလျှင် အကွက်၊ လုံချည်ဆိုလျှင် အကွက်တွေ ၀တ်တာများသည်။ ထို့ကြောင့် ကျနော်လည်း နောက်ကို အပြင်သွားလျှင် အင်္ကျီအကွက်၊ လုံချည်အကွက်သာ ၀တ်သွားသည်။ ကိုယ့်ကို အခြားတစ်ယောက်ယောက် အလွယ်တစ်ကူ ကျက်နိုင်၊ မှတ်နိုင်မည့် တီရှပ်ဗြောင်တို့၊ အင်္ကျီအကျား၊ လုံချည် အစင်းတို့ဝတ်ပါက ကိုယ့်အတွက် မလုံခြုံပါ။ ပြီးတော့ ဟိုဘက်သည်ဘက် လှန်လို့ရသည့် အရောင် နှစ်ခု နှင့် ကျောပိုးအိပ်ထဲတွင် အ၀တ် အစားကို အမြဲတမ်း တစ်စုံပိုထည့်ထားသည်။ လိုအပ်လျှင် ပြောင်းဝတ်လိုက်မည်။ အပိုယူလာသော အ၀တ်အစားသည် ကိုယ်ဝတ်ထားသော အ၀တ်အစား နှင့် အရောင်အသွေး၊ အဆင် မတူစေရန် သေချာရွေးချယ်ပြီး ယူလာရသည်။သည်လိုနှင့် တစ်လလောက်ကြာတော့ ပတ်စ်ပို့လည်း ရပြီ။ အိမ်ကလည်း ကျနော့်ကို မြန်မြန်သွားစေချင်သည်။ အပြင်ကသူငယ်ချင်းများရော၊ အထဲက သူငယ်ချင်းများရော၊ အားလုံးကပါ ဖြစ်နိုင်လျှင် မြန်မြန်ထွက်လာ စေချင်သည်။ သူငယ်ချင်းတွေလွှဲလိုက်သည့် ငွေရောက်တော့ ကျနော် ဒုတိယအကြိမ် ပြည်ပခရီးအတွက် ဆိုင်းပြင်းရတော့သည်။ နောက်ဆုံးတွင်တော့ ကျနော်တို့လူမျိုး အလုပ်သမား ဒုက္ခသည်တို့ ဒုက္ခရောက်နေရာ မလေးရှားသို့ပင် ပြန်လာပြီး၊ ကိုယ်ကဲ့သို့ မတွေ့ကြုံဖူးသူများကိုလည်း စာရေးကာ ကိုယ်တွေ့တွေ မျှဝေရင်း၊ ကိုယ့်လူမျိုး ဒုက္ခသည်တွေအနားမှာနေရင်း လူမှုရေးအလုပ်တွေကိုသာ ဇောက်ချ လုပ်ဖြစ်တော့သည်။

Tuesday, April 21, 2009




စစ်ကျွန်စနစ်အောက်က သားကောင်များ။

အချိန်ကား (၁၉၉၄) ခုနှစ်။နေရာကား သန်လျင်တဘက်ကမ်း။အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး ကျော်စွာမင်း ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်သည်မို့ အခမ်းအနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို မုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင် ၀မ်းနည်းဝမ်းသာခံစားနေရသည်။ ၀မ်းနည်းသည်က ခင်ပွန်းသည်အတွက်၊ ၀မ်းသာရသည်က ချစ်လှစွာသော သားလေးအတွက်။ ခင်ပွန်းသည်ဆုံးပါး သွားပြီနောက်မှာ ဘ၀ကို ပင်ပင်ပန်းပန်း ရုန်းကန်ရင်း သားလေးကို လူလားမြောက်အောင် တာဝန်ယူခဲ့ရသည်။ ခြောက်နှစ်ဆိုသောကာလမှာ ပင်ပန်းပါဘိခြင်း။ အခုတော့ ပင်ပန်းရကျိုးနပ်ပါသည်။ သားလေးဆယ်တန်းအောင်သွားပြီ။ အကြော်သည် မုဆိုးမသားလေး ဘွဲ့ရပညာတတ်ဖြစ်အောင် ဆက်ကြိုးပမ်းရဦးမည်။ ဘာပဲဖြစ်ဖြစ် အမေရဲ့သားလေး ဘယ်တော့မှ မျက်နှာမငယ်စေရ။“အမေပျော်လိုက်တာသားရယ်၊ ငါ့သားလေးအတွက် အမေဂုဏ်ယူတယ်သိလား။ တက္ကသိုလ် ဆက်တက်နော်သား။ အမေထားပေးမယ်”“အမေလဲ ပင်ပန်းနေပါပြီအမေရယ်။ အမေပိုက်ဆံ မကုန်အောင်လေ သားစစ်တက္ကသိုလ်ပဲ သွားတော့မယ်”“ဘာ—-”သားလေးရဲ့ စကားသံအဆုံးမှာ သူမတကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။ “အမယ်လေး၊ ကိုသောင်းမင်းရယ်”လို့သာ တမ်းတဟစ်အော်ပြီး ငိုလိုက်ချင်စိတ်ပေါက်သွားသည်။“သားရယ်။ စစ်တက္ကသိုလ်တော့မသွားပါနဲ့။ မင်းအဖေသေရတာ စစ်တပ်က ပစ်တဲ့ သေနတ်ကျည်ဆံကြောင့်ဆိုတာ သားလဲသိသားနဲ့”လွန်ခဲ့သော ခြောက်နှစ်က အတိတ်ဆိုးများကို ပြန်သတိရလာသည်။ ကိုသောင်းမင်းက ကုန်းလမ်းပို့ဆောင်ရေး (ကပရ)က ၀န်ထမ်း။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ဆန္ဒပြခဲ့ရင်း စစ်တပ်မှပစ်သော သေနတ်ကျည်သင့်ပြီး သေဆုံးခဲ့ရတာဖြစ်သည်။“သားသိပါတယ်အမေရယ်။ ဒါပေမယ့် သားတို့မှာ ရွေးစရာလမ်းမှ မရှိတော့တာပဲ။ သားတက္ကသိုလ်တက်ပြီး ဘွဲ့ရတော့ကော အလုပ်ရမှာမှ မဟုတ်တာပဲ အမေရယ်။ အခုရန်ကုန်မြို့ကြီးမှာ ဘွဲ့ရတက္ကစီမောင်းသမားတွေမှ အများကြီးရယ်။ စဘော်တင်စရာလေးရှိရင်တော့ တက္ကစီလေး မောင်းလို့ရမယ်။ ဒါပေမယ့် သားတို့မှာ စဘော်တင်စရာငွေတောင် ရှိတာမှမဟုတ်တာပဲ။ ပြီးတော့ အမေပင်ပင်ပန်းပန်း ရှာထားတဲ့ ငွေတွေနဲ့ ကျောင်းမတက်ပါရစေနဲ့ အမေရယ်။ အခုအချိန်မှာ စစ်တက္ကသိုလ်တခုတည်းပဲ ထွက်ပေါက်ရှိနေတာ”“ကျော်စွာမင်း၊ သားလေးရယ်။ သားအတွက် အမေကြိုးစားလာခဲ့သမျှဟာ လူသတ်သမားဖြစ်ဖို့ မဟုတ်ဘူးနော်။ မလုပ်ပါနဲ့”“သားဆုံးဖြတ်ပြီးပြီအမေ။ သားဘ၀တက်လမ်းအတွက် ဒီအက်စ်အေကိုပဲသွားချင်တယ်”
(၂)အချိန်ကား (၂၀၀၅) ခုနှစ်။နေရာကား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်။“သမီး၊ ဆုံးဖြတ်ပြီးပြီလား”မေမေ့ရဲ့ အေးစက်စက်အသံကြောင့် လင်းလင်းနွယ် မျက်နှာလေးငယ်သွားရသည်။ ချစ်သူက လက်ထပ်ချင်သည်ဆို၍ မေမေ့အား ပြောပြ အသိပေးရခြင်းဖြစ်သည်။ စစ်တပ်မှ အရာရှိငယ်လေးမို့ မေမေမငြင်းလောက်ပါဘူး ထင်ထားမိသည်။“မေမေကသဘောမတူလို့လားဟင်”“မတူရုံတင်မကဖူးသမီး။ အဲလိုလူစားမျိုးတွေနဲ့ မပတ်သက်ချင်ဘူး”“ဘာဖြစ်လို့လဲမေမေ”“မေမေဟာ ချမ်းသာကြွယ်ဝတဲ့မျိုးရိုးက ဆင်းသက်လာပေမယ့် လူတန်းစားလုံးဝ မခွဲတတ်တာ သမီးသိတယ်နော်”“သိပါတယ်မေမေ”“မေမေလူတိုင်းကို မေတ္တာထားနိုင်တယ်။ ဒါပေမယ့် အဲဒီအထဲမှာ ဒီလိုလူတွေမပါဘူး။ လူသတ်သမားတွေ မပါဘူး”မေမေ့ မျက်ဝန်းထဲက နာကြည်းမှု အရိပ်တွေကို မြင်တွေ့နေရတာမို့ သူမမှာ အသံပင်မထွက်ရဲ။“လူနာတွေကို မေမေသိပ်ချစ်တယ်သမီး။ မေမေတို့ဆရာဝန်၊ ဆရာမတွေ အလုပ်ဆိုတာက လူနာတွေကို ကယ်ဖို့။ ဆေးရုံဆိုတာ လူ့အသက်တွေကို တတ်နိုင်သမျှ ကြိုးစားကယ်တင်နေတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စစ်တပ်ဟာ လူ့အသက်တွေကို ကယ်တင်နေတဲ့ ဆေးရုံဝင်းထဲကို သေနတ်တွေနဲ့ ပစ်ခဲ့ကြတယ်။ လူသတ်ပွဲတွေကို ရပ်ပါတော့လို့ တောင်းဆိုခဲ့တဲ့ ဆရာဝန်၊ ဆရာမလေးတွေကို သွေးအေးအေးနဲ့ သတ်ပစ်ခဲ့ကြတယ်။ ဒီမြင်ကွင်းတွေကို မျက်ဝါးထင်ထင် တွေ့ထားရတဲ့ မေမေဟာ ဒီလိုလူမျိုးတယောက်ကို ကိုယ့်မိသားစုထဲ အ၀င်မခံနိုင်ဘူးနော်သမီး”“မေမေရယ်။ အဲဒီတုန်းက ကိုကိုတို့ပါခဲ့တာမှမဟုတ်တာ။ အခုတပ်မတော်ကြီးကလဲ ပြောင်းလဲနေပါပြီ မေမေရဲ့။ အရင်လိုမဟုတ်တော့ပါဘူး”“တော်စမ်းလင်းလင်းနွယ်။ မင်းသားခေါင်းဆိုတာ ဘယ်လောက်ကြာကြာ စွပ်ထားနိုင်မှာတဲ့လဲ။ မေမေတခွန်းပဲ ပြောမယ်နော်သမီး။ လုံးဝသဘောမတူနိုင်ဘူး။ ယောက်ျားမရှားပါဘူးသမီးရယ်။ သမီးကြိုက်တယ်ဆိုရင် လမ်းဘေးက ဆိုက်ကားသမားကို ရွေးလာလဲ မေမေသဘောတူမယ်။ ဒါနောက်ဆုံးပြောတာ”အင်မတန်ပြတ်သားထက်မြက်လှသော မေမေ့ကို သူမ ဘာမှပြန်မပြောရဲတော့ပါ။ သို့ပေမယ့် ကိုကို့ကိုလဲ မခွဲနိုင်။ အချစ်အတွက် စွန့်စားဖို့ သူမဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဘာပဲပြောပြော တဦးတည်းသော သမီးလေးကို မေမေ မစွန့်ပစ်ရက်နိုင်ပါဘူးလေ။
(၃)၂၀၀၇ ခုနှစ်၊ မတ်လ။တပ်ရင်း ( ) အရာရှိအိမ်ယာ။“မင်းကို ၀တ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာ ဂရုစိုက်ပါလို့ ငါဘယ်နှစ်ခါ ပြောရမလဲ”“အဲလိုပြောရအောင် ကျွန်မက ဘာတွေ လုပ်နေလို့လဲကိုကို”“ဒီနေ့အခမ်းအနားမှာ မင်းဝတ်လာတဲ့ စိန်နားကပ်ကြီးကို ပြောနေတာ”“ဒါဘာထူးဆန်းလို့လဲကိုကို။ စိန်အပါးဝိုင်းနားကပ်။ ကျွန်မတို့ မျိုးရိုးစဉ်ဆက် ဒီလိုပဲ ၀တ်ခဲ့ကြတာပဲ။ အခမ်းအနားပဲကိုကို။ ၀တ်မှာပေါ့”“မင်းဝတ်ထားတာတွေကြည့်ပြီး၊ တပ်ရင်းမှူးကတော် ဘယ်လောက်မျက်နှာပျက်နေတယ်ဆိုတာ မင်းမမြင်ဘူးလား”“ဘယ်တတ်နိုင်မှာလဲကိုကို။ ကိုယ့်ရှိလို့ကိုယ်ဝတ်တာပဲ။ ပြီးတော့ ဒါက သူတို့လို မတရားသဖြင့် စီးပွားရှာလာဘ်စားပြီး၊ ရထားတဲ့ ရတနာတွေမှမဟုတ်တာ။ မိဘအမွေပဲလေ။ သန့်သန့်ရှင်းရှင်းတွေ”“မင်းစကားတွေ ဘယ်ရောက်နေလဲဆိုတာ မင်းသိသင့်တယ်နော်။ မင်းအခုနေနေတာ စစ်တပ်ကွ။ မင်းယူထားတဲ့ ယောက်ျားက စစ်သား”“ဘာလဲကိုကို။ စစ်တပ်ဆိုတာ ဒီလိုကြီးနိုင်ငယ်ညှဉ်း လုပ်နေတဲ့နေရာမျိုးလား။ ယောက်ျားရဲ့ အထက်အရာရှိ မိန်းမတွေရှေ့မှာ ကိုယ့်မိဘ အမွေရတနာလေးကိုတောင် ထုတ်မ၀တ်ရတဲ့ နေရာမျိုးလား”“စစ်တပ်ဆိုတာ အထက်လူကြီးတွေကို ရိုသေလေးစားရတဲ့ နေရာမျိုးကွ။ လူကြီးတွေရဲ့ မျက်နှာအရိပ်အကဲကို သိရတယ်။ သူတို့မျက်နှာကို ကြည့်နေရမယ်။ လူကြီးကတော်က စိန်ဝင်ရင် ကိုယ်က ရွှေပဲဝတ်ရမယ်။ သူတို့ကို တုပြိုင်သလိုမျိုး ဘယ်တော့မှမဖြစ်ရဘူး”“တော်စမ်းပါကိုကိုရာ။ အဲဒီသြ၀ါဒတွေကို ဘယ်နှစ်ခါ ခြွေနေဦးမှာလဲ။ မပြောချင်လို့ ကြည့်နေတာနော်ကိုကို။ ကျွန်မပညာတတ်မိန်းမ။ ပညာ၊ ဥစ္စာရှိပေမယ့် ကျွန်မမမောက်မာဘူး။ ဘယ်တုန်းကမှ လူတဘက်သားကို နှိမ့်ချမဆက်ဆံဘူး။ ကိုကို့ကို ချစ်လွန်းလို့သာ ကိုကို့ လူကြီးမိန်းမတွေရဲ့ မောက်မာမှုတွေကို သည်းခံနေတာနော်။ လူကြီးကတော်ဆိုတာတွေကို ခြေသလုံးဖက် ဒူးတုပ်ခယနေရတဲ့ဘ၀ကို သိပ်ပြီး ကျေနပ်လွန်းတယ်မထင်နဲ့”“မကျေနပ်တော့ မင်းကဘာလုပ်ချင်လဲ။ မင်းဟာ ငါ့မိန်းမ။ ဗိုလ်ကြီးကျော်စွာမင်းရဲ့ မိန်းမ။ ဒီတော့ ငါ့အထက်က အရာရှိကတော်တွေအားလုံးဟာ မင်းရဲ့ အထက်လူကြီးတွေပဲ။ ရိုသေလေးစားရမယ်။ ခိုင်းတာလုပ်ရမယ်။ ဒါပဲ”“ဟုတ်ပါတယ်။ ဘာလုပ်လို့ရမှာလဲ။ ကျွန်မကိုက ကျွန်ယောက်ျားကို ယူခဲ့မိတာကိုး။ ကျွန်မိန်းမပဲဖြစ်ရတော့မှာပေါ့”သူမရဲ့ ပေါက်ကွဲအော်ဟစ်သံအဆုံးမှာ ဗိုလ်ကျော်စွာမင်းရဲ့ လက်က လေထဲသို့မြောက်တက်သွားသည်။“မင်းလက်ကို ချလိုက်စမ်း၊ ကျော်စွာမင်း”သူမမျက်စိပိတ်လိုက်မိစဉ်မှာ ကယ်တယ်ရှင် မေမေ့အသံက ထွက်ပေါ်လာခဲ့သည်။ သမီးကို စိတ်မချသူ မေမေက ဆေးခန်းအပြန်ဆို တခါတလေ ၀င်လာနေကျ။“မင်းကိုဒို့က ယောက်ျားကောင်းတယောက်လို့ ထင်ထားတာ။ လက်စသတ်တော့ တကယ့် လူဖျင်းလူညံ့ပါလား”“လင်မယားကြားမှာ ၀င်မပါချင်ပါနဲ့ အန်တီ”“ပါရမယ်ကျော်စွာမင်း။ ဘာလို့လဲဆိုတော့ လင်းလင်းနွယ်ဟာ ဒို့သမီးဖြစ်နေလို့ပဲ။ သမီးတယောက်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အမေတယောက်မှာ တာဝန်ရှိတယ်”“အန်တီ့သမီးမှာ ဘာအန္တရာယ်မှ ကျရောက်နေတာမဟုတ်ဘူး။ မလိမ္မာလို့၊ လူအရိပ်အကဲနားမလည်လို့ ကျွန်တော်က ဆုံးမနေတာ”“ဒို့သမီးကို လူရာဝင်အောင် အမေတယောက်အနေနဲ့ ဆုံးမလမ်းညွှန်ခဲ့ပြီးသား။ လူအရိပ်အကဲ ဆိုတာကိုလဲ သူနားလည်တယ်။ သူ့အခွင့်အရေးကိုလဲ သူနားလည်တယ်။ ဧည့်ခံပွဲဆိုတာကို ဘယ်လိုဝတ်စားသွားရမယ်၊ အသုဘဆိုတာကို ဘယ်လို ၀တ်စားသွားသင့်တယ်ဆိုတာလဲ သူသိတယ်။ အေး- တခုတော့ရှိတယ်။ ကျွန်ခံနည်းကိုတော့ ဒို့မသင်ပေးခဲ့ဖူးဘူး”“အန်တီက ကျွန်တော့်ကို စော်ကားနေတာလား”“မင်းအကြောင်းမင်းသိမှာပေါ့။ ကိုယ့်မိန်းမတယောက်ကို သူတပါးရှေ့မှာ ဒူးတုပ်ခစားဖို့ ကျွန်ဇာတ်သွင်းနေတဲ့ ယောက်ျားမျိုး ဒို့တသက်မှာ ဒီတခါပဲ တွေ့ဖူးသေးတယ်။ ကိုယ့်မိန်းမကိုယ် မကာကွယ်ပေးနိုင်ပဲ အိမ်တွင်းအကြမ်းဖက်မှုလုပ်နေတဲ့ ယောကျာ်းတယောက်လက်ထဲမှာ ဒို့သမီးကို ဘယ်လိုစိတ်ချရမလဲ”မေမေနဲ့ သူ စကားပြောနေစဉ်မှာ သူမခေါင်းထဲတွင် အတွေးများ ရှုပ်ယှက်ခတ်နေသည်။ သူ့ကိုချစ်တာမှန်ပေမယ့် ဒီလိုဒဏ်တွေကို သူမမခံနိုင်။ မဆီမဆိုင် သူတပါးအောက်ကျို့နေရသည့် ဘ၀ကိုလဲ သူမစိတ်ကုန်လှပါပြီ။ ကြီးနိုင်ငယ်ညှဉ်းဖြစ်ရပ်များစွာကိုလဲ သူမတွေ့နေခဲ့ရပြီ။ အထက်လူကြီးကတော် ခြေသလုံးကို နှိပ်ပေးရတဲ့အကြိမ်များလဲ မနည်းတော့။ ယောက်ျားများ အလုပ်သွားနေစဉ်၊ အရာရှိငယ်မိန်းမများကို အိမ်ခေါ်ပြီး ညစ်ညမ်းခွေများပြနေသည့် လူကြီးကတော်ကလဲ ရှိသေးသည်။ စကော့ဈေးခေါ်သွားပြီး သူတို့ စမောလေးများနှင့် ချိန်းတွေ့သည်ကို မဆီမဆိုင် အဖော်လိုက်ပေးရသည်ကလဲ ရှိသေးသည်။ အထက်ကိုဖားပြီး အောက်ကိုဖိရသည်ကိုလဲ ရွံ့မုန်းလှပြီ။ သူမတသက်လုံး အိမ်ဖော်တွေရဲ့ ကြီးလှခဲ့တာဆိုပေမယ့် ပိုက်ဆံပေးပြီး အကူအညီ ခေါ်ထားခဲ့ခြင်းသာဖြစ်သည်။ အခုကျတော့ သူတို့ယောက်ျား စစ်သားဖြစ်တာနဲ့ပဲ တပ်ကြပ်ကြီးအိမ်က ခေါ်ခိုင်းလိုက်၊ အရာခံဗိုလ်အိမ်ကခေါ်ခိုင်းလိုက်၊ အရာရှိအိမ်က ခေါ်ခိုင်းလိုက်လုပ်တာကို ခံနေကြရရှာသည်။ လက်အောက်က စစ်သားမိန်းမများ ဘ၀ကိုလဲ သနားလှသည်။“ကျွန်မတခုပြောမယ်ကိုကို။ ထမင်းတလုတ်ရှာစားဖို့ဆိုတာ မခက်ခဲပါဘူး။ ကိုကိုတပ်ကနေ ထွက်လိုက်ပါ။ ကျွန်ခံပြီး စားရတဲ့ ထမင်းကို မက်မနေစမ်းပါနဲ့”“မင်းပါးစပ်ပိတ်ထားလို့ ငါပြောနေတယ်နော်။ ကဲ-အန်တီ။ မြန်မြန်ပြန်ပါတော့ဗျာ။ ကျွန်တော်တို့ လင်မယားချင်းကိစ္စ အချင်းချင်းရှင်းပါရစေ”“ဆောရီးပဲ။ မောင်ကျော်စွာမင်း။ မင်းလိုလူတယောက် လက်ထဲမှာ ဒို့သမီးကို ထားခဲ့ဖို့ ဒို့စိတ်မချဘူး။ သမီး -လာ။ မေမေနဲ့လိုက်ခဲ့”မေမေ့ခေါ်သံအဆုံးမှာ သူမအခန်းထဲဝင်ပြီး ပစ္စည်းသိမ်းမိခဲ့တော့သည်။ လွတ်လပ်သော မိသားစုဘ၀လေးကိုသာ သူမလိုချင်ခဲ့ခြင်းဖြစ်ပါသည်။ အိမ်ထောင်လေးတခါပြုမိကာမှ အိမ်ထောင်သည် ယောက်ျားကိုသာမက ရှိသမျှ လူအားလုံးရဲ့ ကျွန်သဘောက်ဖြစ်နေခဲ့ရသည်ကို သူမဘ၀င်မကျပါ။ မရီမပြုံးချင်ပဲ ဟန်ဆောင်ပြုံးပြနေရသည့် ဘ၀တွေကိုလဲ သူမငြီးငွေ့လှပြီ။
(၄)၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။သန်လျင်တဘက်ကမ်း။ဒေါ်အေးစိန်တယောက် ဘုရားရှိခိုးပြီး မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်နေမိသည်။ တာဝန်ထမ်းဆောင်နေသော သားလေးဘေးအန္တရာယ်ကင်းဝေးဖို့ကိုလည်း ဆုတောင်းနေမိသည်။ သားလေးတပ်က ရန်ကုန်မှာဆိုပေမယ့်၊ မိသားစုအိမ်လေးကို မခွာရက်တာကြောင့် သားလေးနှင့် သွားမနေဖြစ်ပါ။ တလတခါ ရောက်ရောက်လာတဲ့ သားလေးနဲ့ ချွေးမကိုပဲ အိမ်ကနေ စောင့်စားတွေ့ရတော့သည်။ အခုတလောတော့ ဘာဖြစ်တယ်မသိ။ လူတွေပေါ်မလာပဲ ငွေပဲ ရောက်ရောက်လာတတ်သည်။ နေထိုင်ပဲ မကောင်းလို့လား။“ဒေါ်ကြီးစိန်ရေ။”ရပ်ကွက်ထဲက မောင်အေးအိမ်ပေါ်တက်လာတာကြောင့် ဧည့်ဝတ်ပြုရသည်။ ဒီသူငယ်လေးက ရပ်ကွက်ထဲက လူမှုရေးကိစ္စမှန်သမျှ တက်တက်ကြွကြွပါဝင်တတ်သည်။ သူမကိုလဲ အသက်ကြီးအမယ်အိုဆိုပြီး စောင့်ရှောက်ပေးသည်။ အင်တာနက်ဆိုလား၊ ဘာဆိုလားတော့မသိ။ ကော်ဖီဆိုင်လို့တော့ ကြားဖူးသည်။ အဲဒီဆိုင်ကြီးကိုလဲ ဖွင့်ထားသေးသည်။“ဒေါ်ကြီးရယ်။ ဒေါ်ကြီးသား၊ ကိုကျော်လုပ်ရက်တယ်ဗျာ”“ဟေ”သားအသံကြားတော့ သူမသေချာနားစွင့်မိသည်။ မောင်အေးမျက်လုံးမှာ မျက်ရည်စတွေကို တွေ့လိုက်ရတာကြောင့် စိတ်ထဲမကောင်းဖြစ်သွားသည်။ ဘာများဖြစ်လို့ပါလိမ့်။“ဘာဖြစ်လို့လဲကွယ်။ ဒေါ်ကြီးကို သေချာပြောပြမှပေါ့”“အခုတလော ရန်ကုန်မှာ ဘုန်းကြီးတွေ မေတ္တာပို့ ဆုတောင်းပွဲတွေ လုပ်ကြတယ်ဒေါ်ကြီး။ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဖို့အတွက် လမ်းလျှောက်ပြီး မေတ္တာပို့ကြတာ။ အဲဒါဗျာ။ ဟိုနေ့က ရွှေတိဂုံဘုရားပေါ်မှာ မေတ္တာပို့ဝတ်ပြုနေတဲ့ ဘုန်းကြီးတွေကို ခေါင်းရိုက်ခွဲပြီး သတ်ကြတယ်။ သံဃာတော်အများကြီးကိုလဲ စစ်ကားကြီးတွေနဲ့ ဖမ်းခေါ်ကြတယ်။ လမ်းပေါ်မှာလဲ လူတွေနဲ့ သံဃာတွေနဲ့ကို သေနတ်တွေနဲ့ပစ်၊ ဒုတ်တွေနဲ့ရိုက်ကြတယ်”“ အို-ဘုရား။ ဘုရား။ မကြားရက်စရာတွေ။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒီလိုတွေဖြစ်နေတယ်ဟုတ်လား။ ရွှေတိဂုံဘုရားပေါ်မှာ ၀တ်ပြုနေတဲ့ သံဃာကို ခေါင်းရိုက်ခွဲသတ်တယ်၊ ဟုတ်လား။ တိရစ္ဆာန်တွေ၊ လူစင်စစ်က ပြိတ္တာဖြစ်မယ့်ဟာတွေ”“ဟုတ်တယ်ဒေါ်ကြီးရယ်။ ကြားရတဲ့လူတိုင်းလဲ ငိုယိုမျက်ရည်ကျနေကြရတယ်။ လူမဆန်ဘူးဗျာ။ လူတွေမဟုတ်ဘူး။ ပိုပြီးဆိုးတာက။ ဒီမှာကြည့်ပါဦးဒေါ်ကြီးရာ။ အင်တာနက်မှာ ပါလာတဲ့ဓာတ်ပုံ။ အဲဒါတွေကို စီစဉ်ကွပ်ကဲနေတဲ့ စစ်ဗိုလ်က ကိုကျော်မှကိုကျော်အစစ်ဗျ။ ဒေါ်ကြီးသားကိုကျော်ဗျ”မယုံနိုင်စရာ ပုံရိပ်ကိုကြည့်ရင်း သူမကြက်သေသေသွားသည်။ ဒါဟာ သူမမွေးထုတ်ခဲ့တဲ့ သားတဲ့။ ဒါဟာ သူမအကြော်ဆီပူအိုးဘေးမှာ နှစ်ပေါင်းများစွာ အပူခံပြီး ပညာသင်ပေးခဲ့တဲ့ သားတဲ့။ ဒါဟာ ဘုရားသားတော်တွေကို စော်ကားသတ်ဖြတ်နေတဲ့သားတဲ့။ ဘုရား။ ဘုရား။ဘုရားစင်ရှေ့သို့ သူမပြေးသွားလိုက်သည်။“အရှင်ဘုရား။ ဒီလိုသားဆိုးသားမိုက်ကို လူလားမြောက်စေခဲ့တဲ့ တပည့်တော်မကို ခွင့်လွှတ်ပါဘုရား”
(၅)(၂၀၀၇) အောက်တိုဘာလ။စင်ကာပူနိုင်ငံ။မွေးဖွားပြီး ဆေးရုံမှဆင်းလာကာစမို့ သူမတကိုယ်လုံးနွမ်းနယ်နေသည်။ ကိုကိုနဲ့ လမ်းခွဲခဲ့စဉ်ကတည်းက သူမဆီမှာက ကိုကို့ကိုယ်ဝန်ပါလာခဲ့သည်။ သမီးကို အင်မတန်ချစ်တာမို့ မေမေက စင်ကာပူအထိ တကူးတက ခေါ်လာပြီး မွေးဖွားပေးခဲ့သည်။ သားလေးကိုတွေ့တော့ ကိုကို့ကို သတိရသွားသည်။ ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေးတော့ ပို့ပေးဦးမှ။ သားလေးကိုမြင်ရင် ကိုကို့စိတ်တွေပြောင်းလာမှာပါ။ တပ်ထဲက ထွက်လာပြီး၊ သူမတို့မိသားစုနဲ့ နေချင်လာမှာပါ လို့ တွေးလိုက်မိသည်။“သမီးအွန်လိုင်းတက်လိုက်ဦးမယ်နော်မေမေ”သူမကပြောတော့ မေမေက အလိုက်တသိပဲ သားငယ်လေးကို လာချီပေးသည်။ ကံအကြောင်းမလှသော သမီးလေးကို မေမေက အစွမ်းကုန်အလိုလိုက်လေသည်။သူမအီးမေးလ်ထဲသို့ မ၀င်စဖူး အီးမေးလ်တွေ အများကြီးရောက်နေတာကြောင့် အံ့သြသွားမိသည်။ ဘာတွေများ ဖြစ်နေသလဲ။ သိပ်မကြာလိုက်ပါ။ အခြေအနေတွေကို သူမသတိပြုမိသွားတော့သည်။ မြန်မာတွေ ဘာလို့ ဒီလောက် အီးမေးလ်တွေ forward လိုက်လုပ်နေကြသလဲဆိုတာလဲ ရိပ်မိသွားသည်။ ယုတ်မာလိုက်ကြတာ။ မိုက်ရိုင်းလိုက်ကြတာ။ သူမရင်ထဲက မခံချင်စိတ်များသည် နောက်ထပ်အီးမေးလ်တစောင်ကို ဖွင့်ကြည့်မိသည့် အချိန်မှာတော့ အဆုံးစွန်သို့ ရောက်သွားတော့သည်။“တိရစ္ဆာန်ကောင်။ တိရစ္ဆာန်။ အဲလိုလူမျိုးဟာ ငါ့ယောက်ျားတဲ့လား။ ငါ့သားရဲ့ အဖေတဲ့လား”သူမအသံ ဘယ်လောက်ကြာသွားသည်မသိ။ မေမေက ပျာပျာယာယာနဲ့ သူမအနီးသို့ရောက်လာသည်။“မေမေရယ်။ သူ-”ဘာမှဆက်မပြောနိုင်တော့ပဲ လည်ချောင်းထဲတွင် တစ်စို့စို့ဖြစ်နေသည်။ မျက်ရည်များက အလိုလို လိမ့်ဆင်းကျလာသည်။မေမေက သူမခေါင်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။“မေမေသိပြီးပါပြီသမီးလေးရယ်။ မေမေအားလုံးကို မြင်တွေ့ခဲ့ပြီးပါပြီ။ ဆေးရုံမှာတုန်းက သမီးလေးကို တမင်ပြောမပြခဲ့တာပါ”“မေမေရယ်။ သားလေးက သူ့ရဲ့ရင်သွေးတဲ့။ သမီးဘယ်လို—-”သူမရဲ့ နှုတ်ခမ်းကို မေမေက လက်ချောင်းလေးများဖြင့် အုပ်ကာလိုက်သည်။“အဲလိုမပြောပါနဲ့ သမီး။ ကလေးလေးမှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်တော့ သားသမီးတွေဟာ သူတို့မိဘကို ရွေးချယ်ပိုင်ခွင့် အခွင့်အရေးတွေ မရှိကြရှာပါဘူး။ သိပ်သနားဖို့ကောင်းတဲ့ ကလေးလေးတွေပါ။ လူဖြစ်မယ်မကြံသေးဘူး။ မိဘရဲ့ ဆိုးမွေ၊ ကောင်းမွေကို ခံကြရရှာတာပါ။ လောကမှာ ယုတ်မာမိုက်ရိုင်းတဲ့ ဖခင်က မွေးလာတဲ့ ကလေးလေးတွေအားလုံး ဖအေတူဖြစ်လာမယ်ဆိုတဲ့ နိယာမမရှိပါဘူး သမီးရယ်။ မောင်ကျော်စွာမင်းရဲ့ ဖခင်ဟာ လူကောင်းလား၊ လူဆိုးလား မေမေတို့ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် သူ့ကိုဒီလိုဖြစ်အောင် လုပ်ခဲ့တာဟာ သူ့မိဘမဟုတ်ဘူးသမီး။ စနစ်လေ။ သူဟာ စနစ်ရဲ့ သားကောင်ဘ၀၊ စစ်ကျွန်ဘ၀ကို သွတ်သွင်းခံလိုက်ရတာပါ။ သူ့မိဘနဲ့ မဆိုင်ပါဘူး။ ဒီလိုပဲ အခုသမီးရဲ့သားလေး၊ မေမေ့ရဲ့ မြေးလေးဟာလဲ သူ့အဖေလိုပဲ ဖြစ်လာမယ်လို့ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲကွယ်။ ဒါမျိုးတွေ မတွေးပါနဲ့ သမီးရယ်။ မြေးလေးကို သူ့အဖေရဲ့ အရိပ်မည်းတွေ မရှိတဲ့နေရာမှာ ပြုစုပျိုးထောင်ပေးကြရမယ်။ မေမေ့မြေးလေး တသက်လုံး စစ်ကျွန်မဖြစ်စေရဘူး။ သမီးနားလည်တယ်နော်”မေမေ့စကားသံအဆုံးမှာပဲ အခန်းထဲက သားလေးငိုသံကြားတော့ သူမအပြေးအလွှား သွားရောက်ပွေ့ချီမိလေသည်။ သားလေးကို ချီထားရင်း သူမပြောမိတဲ့စကားက“မေမေ့သားလေး ဘယ်တော့မှ စစ်ကျွန်မဖြစ်စေရဘူး” ဟူသတည်း။

Friday, April 17, 2009

OCD

OCD လို့ လူသိများတဲ့ Obsessive Compulsive Disorder ကို မြန်မာလို သင့်တော်အောင် ဘာသာမပြန်တတ်လို့ ဒီတိုင်းပဲ ခေါ်လိုက်ပါတယ်။ ကမ္ဘာသုံး ဘာသာစကား မူရင်းအတိုင်း ကောက်ယူမွေးစားတာဟာ ဘာသာပြန်တာထက် တချို့နေရာတွေမှာ ပိုသင့်တော်ပါတယ်။ သဘောပေါက်ဖို့က အဓိက မဟုတ်လား။ နို့မို့ဆို ငယ်ငယ်က သင်ရသလိုမျိုး gear (ဂီယာ)ကို “ခွေးသွားစိတ်များဖြင့် ယာဉ်ကို ရှေ့တိုးနောက်ငင် ရွေ့လျားစေသော ကိရိယာ”လို့ ရှည်ရှည်ဝေးဝေး ဘာသာပြန် သုံးနေရမှဖြင့် ဒုက္ခ။OCD ဟာ anxiety spectrum disorders ထဲမှာ ပါဝင်ပါတယ်။ ဒီရောဂါ ရှိသူမျိုးဟာ နဂိုကတည်းက စိတ်ပူတတ်၊ ပြာတတ်၊ ဂနာမငြိမ် ဖြစ်တတ်၊ အသေးစိတ်တွေကို (တရားလွန်) ဂရုစိုက်တတ်တဲ့ ပင်ကိုယ် သဘာဝ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုလူမျိုးတိုင်းလည်း OCD လို့ ရောဂါ အမည်တပ် ကုသဖို့ လိုအပ်တဲ့ အဆင့်ကို ရောက်ချင်မှ ရောက်ပါတယ်။ တချို့က ဘ၀မှာ တခြားအကြောင်းတစ်ခုခုကြောင့် စိတ်ပင်ပန်း သောက (stress) များတုံး ဒီဗီဇလေးတွေ ထကြွလာတာ ဖြစ်ချင်ဖြစ်မယ်။ ဒါဆို ဆရာဝန်ဆီ ရောက်စရာ မလိုပဲ ခဏနဲ့ ပျောက်သွားတာပေါ့။ စိတ်ဆရာဝန်နဲ့ ပြဖို့ လိုမလိုဆိုတာက ဒီလက္ခဏာတွေဟာ ဒီလူရဲ့ နေ့စဉ် လူမှုဘ၀၊ လုပ်ငန်းခွင်တွေမှာ အနှောက်အယှက် ပေးနေပြီလား ဆိုတဲ့ အချက်ပေါ် မူတည်ပါတယ်။
များသောအားဖြင့်တော့ ဘ၀မှာ ဆုံးရှုံးမှု loss တစ်ခုခု ကြုံအပြီး ရောဂါရယ်လို့ သတ်မှတ်ရလောက်တဲ့ အဆင့်ကို ရုတ်တရက် ရောက်လာတတ်ကြပါတယ်။ တခြားရောဂါ စိတ်ရောဂါတွေနဲ့လည်း တွဲနေတတ်ပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျရောဂါနဲ့ ၄၀-၇၀% ထိ ဆက်စပ်မှု ရှိပါတယ်။ တခြား အကြောက်လွန်ရောဂါ (phobias) များ၊ လူစုလူဝေးကို ကြောက်တဲ့ ရောဂါ (social phobia)၊ အကြောင်းမဲ့ anxiety attaks တွေ ရတတ်တဲ့ ရောဂါ (panic disorder) တို့နဲ့လည်း တွဲနေတတ်ပါတယ်။ ရောဂါအုပ်စု တူတာကိုး။OCD ရဲ့ ရောဂါ လက္ခဏာတွေက နှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းက ခေါင်းထဲမှာ အပြန်ပြန် အလှန်လှန် ပေါ်လာနေတဲ့ စိတ်အနှောက်အယှက် ဖြစ်စရာ အတွေး (obsessive thoughts) တွေ ဖြစ်ပါတယ်။ ရန်ကုန်မှာတုံးက အသိတစ်ယောက် ပြောပြတာလေး ဥပမာ ပေးချင်ပါတယ်။ သီလရှင်တွေ မြင်ရင် မနေနိုင် မထိုင်နိုင် ဖြစ်ပြီး သူတို့ခေါင်းကို သွားပုတ်ချင်တဲ့ အတွေးပါ။ ဒါဟာ ကြားရသူအဖို့ ရယ်စရာ ပေမယ့် ခံစားရသူအဖို့ အင်မတန် စိတ်ဒုက္ခများစေပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတော့ ငရဲကြီးမယ် ဘာညာတွေပါ တွေးပြီး အတော် စိတ်မချမ်းမသာ ဖြစ်ရတာပေါ့။ ဒီမှာလည်း တခါက ခရစ်ယာန် တရားဟောဆရာတစ်ယောက် ကလေးငယ်လေး (babies) တွေကို အိမ်သာထဲ ရေဆွဲချ (flush) လုပ်ပစ်ချင်တဲ့ အတွေးတွေနဲ့ စိတ်ဒုက္ခရောက်ပြီး အရေးပေါ်ဌာန ရောက်လာတာ သွားကြည့်ရဖူးပါတယ်။ သူ့ရဲ့ နူးညံ့တဲ့ ပင်ကိုယ်စိတ်နဲ့ ဖီလာဆန့်ကျင်နေတဲ့ အတွေးမို့ ဘယ်လောက် စိတ်မချမ်းသာလိုက်မလဲ ဆိုတာ စဉ်းစားသာ ကြည့်ပါတော့။Obsessive thoughts တွေဟာ ဝေဒနာရှင်အတွက် အင်မတန် ခံစားရခက်တဲ့ အတွေးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အတွေးဟာ ပုံမှန် မဟုတ်တာလည်း သိတယ်။ အတွေးကို မပေါ်အောင် တားလို့ကလည်း မရဘူး။ ခေါင်းထဲမှာ သူ့အလိုလို ထပ်ခါတလဲလဲ ပေါ်လာတာမျိုးပါ။ အတွေးကို အကောင်အထည် ဖော်ဖို့ မဖြစ်နိုင်၊ မဖြစ်သင့်တာကို ကောင်းကောင်း သိပါတယ်။ ဒါပေမယ့် အတွေးက သိပ်ပြင်းထန်အားကောင်းလွန်းတော့ အဲဒီအတိုင်းများ လုပ်လိုက်မိရင်ဖြင့် ဆိုပြီး စိတ်ပူပင်၊ ကနာမငြိမ် ဖြစ်ပြန်ပါလေရော။ တော်တော် သနားစရာ ကောင်းပါတယ်။ရောဂါ လက္ခဏာ နောက်တစ်ပိုင်းကတော့ ထပ်ပြန်တလဲလဲ လုပ်တတ်တဲ့ အမူအကျင့်များ compulsive acts (rituals) ပါပဲ။ ဒါတွေက တစ်ခုနှစ်ခု မကတတ်ပါဘူး။ သူတို့ စိတ်ပူရာ အဓိက theme of fear ပေါ် မူတည်ပြီး ဆိုင်ရာဆိုင်ရာ rituals တွေ အများကြီး ရှိတတ်ပါတယ်။ Fear of contamination ကတော့ အတွေ့အများဆုံး ဖြစ်ပါတယ်။ ဥပမာ- ရောဂါပိုးတွေ ကူးမှာ စိုးလို့ လက်ကို ခဏခဏနဲ့ အကြာကြီး ဆေးတာမျိုးပေါ့။ ဟိုဟာလေး ထိလိုက်တာနဲ့ လက်ဆေး၊ ဒါလေး ကိုင်မိတာနဲ့ လက်ဆေး။ တစ်ခါဆေးရင်လည်း ဆပ်ပြာနဲ့ ပွတ်နေတာ မပြီးနိုင်တော့ဘူး။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်။ ဘာကိုမှ ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်တော့ပဲ လက်ဆေးခြင်းကသာ နေ့စဉ်ဘ၀ကို ကြီးစိုးလာပါတယ်။ တစ်နေ့ကို အခါပေါင်း ဆယ်နဲ့ရာနဲ့ချီလို့ မလိုအပ်ပဲ ဆေးနေလေတော့ လက်တွေလည်း ဆပ်ပြာစားတဲ့ ဒဏ်နဲ့ ပေါက်ပြဲနီရဲလို့။ ဒီလိုလူမျိုးဟာ ရောဂါပိုးတွေ ကူးမှာစိုးလို့ ရှိသမျှ အသုံးအဆောင်တွေကိုပါ အဖန်ဖန် စစ်ဆေးလဲလှယ်နေရတာနဲ့ပဲ တစ်နေ့တစ်နေ့ အချိန်ကုန်နေလေရော။Fear of safety ရှိသူမျိုးကျတော့ သော့ခလောက်တွေ၊ သော့တွေကို အထပ်ထပ် စစ်ဆေးတတ်ပါတယ်။ ညမအိပ်ခင်လည်း မီးဖို၊ မီးခလုတ်၊ ရေပိုက်ခေါင်း၊ ပြတင်းပေါက် တံခါး စတာတွေကို အခါပေါင်း မြောက်မြားစွာ မစစ်ဆေးရမချင်း အိပ်ရာ မ၀င်နိုင်ပါဘူး။ ကားရပ်ပြီးရင်လည်း ကားဘရိတ်ကို အခါပေါင်း မြောက်မြားစွာ ပြန်စစ်ဆေးတတ်ပါတယ်။ ဒီလိုဆိုမှတော့ အပြင်တစ်ခါ ထွက်ဖို့အရေး နာရီနဲ့ ချီပြီး ကြာအောင် ပြင်ဆင်ရပြီပေါ့။ အလုပ်ကို မနက် ကိုးနာရီ ရောက်ဖို့အရေး မနက်လေးနာရီကတည်းက ထပြီး ပြင်ဆင်နေရတဲ့ သူမျိုး ဆိုပါတော့။တချို့ကျတော့လည်း အစီအစဉ်ကျမှု၊ ဘက်ညီမှု (symmetry) နဲ့ ပတ်သက်တဲ့ အလေ့တွေ လုပ်တတ်ပါတယ်။ သာမန် တစ်ကြိမ် နှစ်ကြိမ်ကို မဆိုလိုပါဘူး။ အခေါက်ခေါက် အခါခါ အချိန်ကုန်ခံ၊ တခြားကိစ္စတွေ နောက်ကျခံ လုပ်တာမျိုးကို ဆိုလိုပါတယ်။ တန်းပေါ်က လက်သုတ်ပုဝါလေးကို ဘက်ညီအောင်၊ စားပွဲပေါ်က ပစ္စည်းတွေကို အစီအရီ ဖြစ်အောင် အကြိမ်ကြိမ်အဖန်ဖန် ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်လောက် ကြာအောင် ခေါက်နေတာ၊ နေရာ ပြန်ချနေတာမျိုးပေါ့။ ဒီ rituals တွေဟာ အဓိပ္ပါယ် မရှိမှန်း သိပေမယ့် နည်းနည်း လျှော့ကြည့်လိုက်တာနဲ့ အရမ်း ဂနာမငြိမ် ဖြစ်စေတော့ ရပ်လို့လည်း မရဘူး။ ဒီလိုနဲ့ပဲ ကြာလေ ပိုဆိုးလာလေပါပဲ။ဒီလို ရောဂါရှိသူတွေအတွက် အဓိက ပြဿနာက အလဟဿ အချိန်ကုန်ခြင်းပါပဲ။ အနားမှာ နေတဲ့ အိမ်ထောင်ဖက် မိဘဆွေမျိုးတွေခမျာလည်း ပထမတော့ ဝေဒနာရှင်ကို စိတ်သက်သာအောင် သူ စိတ်ပူတဲ့ ကိစ္စတွေကို လိုက်ကူလုပ်ပေး၊ အားပေးနဲ့ နောက်တော့ သူတို့ ဘာလုပ်ပေးပေး ထူးမလာပဲ သူတို့ပါ အချိန်ကုန်မှန်း သိလာတော့ မချင့်မရဲတွေ ဖြစ်လာတတ်ပါတယ်။OCD ဘာကြောင့် ဖြစ်ရသလဲ ဆိုတဲ့ ရောဂါဖြစ်ပွါးပုံ အတိအကျကို (တခြားရောဂါ အတော်များများမှာလိုပဲ) ဆေးသိပ္ပံပညာနဲ့ နားမလည်သေးပါဘူး။ ယူဆချက်တွေတော့ ရှိတာပေါ့။ အရေးကြီးတာက ဒါကို ဘယ်လို ကုမလဲ။ ကုသချက်က ဘယ်လောက် အောင်မြင်လဲ ဆိုတာပါ။အဓိက ကုထုံး နှစ်ခု ရှိပါတယ်။ ဆေးနဲ့ ကုတာရယ်၊ အမူအကျင့်ပိုင်းဆိုင်ရာ ကုထုံး (Behavioural Therapy- BT) ရယ် ဖြစ်ပါတယ်။ ဆေးက စိတ်ဓာတ်ကျရောဂါ တန်ပြန်ဆေး (anti-depressant) ပါပဲ။ တွဲဖက်ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျရောဂါကိုပါ ကုပြီးသား ဖြစ်တာပေါ့။ ကြာရှည်တော့ စွဲသောက်ရပါတယ်။ နုစဉ်မှာ BT-therapist ကောင်းကောင်းနဲ့ သေသေချာချာ ကုလိုက်ရင် ရလဒ် ကောင်းပါတယ်။ BT မှာ response prevention (လုပ်နေကျတွေ rituals တွေ မလုပ်ရပဲ ထိန်းရတာပါ) မို့ ဝေဒနာရှင်အတွက် အတော့်ကို စိတ်မသက်မသာ ကနာမငြိမ် ဖြစ်စေပါတယ်။ ရေရှည်ကောင်းဖို့ ရေတို ပင်ပန်းရတာ-လို့ ပြောပြီး အားပေးရတာပေါ့။ ဒါတောင် အများစုက မခံနိုင်လို့ ဆက်မကုကြဘူး။ ဒီကုထုံးက ဝေဒနာရှင်ရဲ့ စိတ်ပြတ်သား ပြင်းထန်မှု (determination) ပေါ် အများကြီး မူတည်ပါတယ်။ တချို့ကတော့ မဖြစ်မနေ ကုရတော့မယ် ဆိုမှ (ဥပမာ- မကုရင် မိန်းမက အိမ်က ဆင်းသွားတော့မယ် ဆိုမှ) ကုကြတယ်။ ပစ်ထားတာကြာလေ ကုရခက်လေပါပဲ။ယူကေလူဦးရေရဲ့ ၀.၅-၂% မှာ ဒီရောဂါ တွေ့ရတတ်ပါတယ်။ ကျားမ ဖြစ်နှုန်း တူပါတယ်။ ပျမ်းမျှအားဖြင့် အသက်နှစ်ဆယ် ၇၀% ဟာ အသက် ၂၅နှစ် မတိုင်မီ၊ ၁၅% ကတော့ ၃၅ နှစ်မတိုင်မီမှာ ရောဂါလက္ခဏာ စပြတတ်ပါတယ်။ဒီရောဂါဟာ နှစ်ရှည် နာတာရှည်ရောဂါ ဖြစ်ပါတယ်။ လေးပုံတစ်ပုံလောက်မှာ သိသိသာသာ သက်သာတတ်ပြီး၊ တ၀က်လောက်က အတော်အသင့် သက်သာတတ်ပါတယ်။ ကျန်လေးပုံတစ်ပုံကတော့ ပိုပိုဆိုးလာတတ်ပါတယ်။ လုံးဝ အရှင်းပျောက်သွားတာ ရှားပါတယ်။ ရောဂါရှိသူတွေဟာ နဂိုကတည်းက အသေးစိတ် ဂရုစိုက်တတ်တဲ့ Obsessive Compulsive Personality Traits ရှိသူများ ဖြစ်လို့ စိတ်သောက (stress) များလာတာနဲ့ ရောဂါ လက္ခဏာတွေ ပြန်ပေါ်၊ ပိုဆိုးလာတတ်ပါတယ်။ရောဂါ အရှင်းမပျောက်သည့်တိုင် သိသိသာသာ သက်သာသွားတဲ့အခါ ဝေဒနာရှင်ဟာ သူ့အလုပ် သူလုပ်နိုင်၊ သူ့ပတ်ဝန်းကျင်အပေါ် အကျိုးပြုသင့်သလောက် ပြန်ပြုနိုင်လာတဲ့အတွက် ၀မ်းသာစရာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ဒီရောဂါအပေါ် သတိထားမိမှုနဲ့ သဘောထား ဘယ်လို ရှိတယ် မပြောတတ်ပါ။မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။Reference:Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.


သွေးတိုးရောဂါအကြောင်းသိကောင်းစရာ




သွေးတိုး ရောဂါဟာ လေဖြတ်ရောဂါ (Stroke) ဖြစ်စေတဲ့ နံပါတ်တစ် အကြောင်းရင်း ဖြစ်ပြီး နှလုံးရောဂါ (နှလုံး သွေးကြော ကျဉ်းခြင်း/ သွေးကြော ပိတ်ခြင်း၊ နှလုံးကြီးခြင်း) ဖြစ်ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ပါတယ်.. ကမ္ဘာတစ်ဝန်း လူသန်းပေါင်း တစ်ထောင်၌ သွေးတိုး ရောဂါ ခံစား နေကြရပြီး နှစ်စဉ် ၇.၁ သန်း သေဆုံး စေပါတယ်.. ကျွမ်းကျင် ဆေးပညာရှင် များက သွေးတိုးရောဂါကို တိတ်တဆိတ် လူသတ်သမား (Silent Killer) လို့တောင် တင်စား ခေါ်ဝေါ် ကြပါတယ်..သွေးဖိအားကို မီလီမီတာ မာကျူရီ ယူနစ်ဖြင့် တိုင်းတာပြီး နှလုံးကြွက်သား ညှစ်ထုတ်စဉ် သွေးကြော အတွင်း ဖြစ်ပေါ်နေသော ဖိအားကို အပေါ်သွေး (Systolic Blood Pressure) ဟု ခေါ်ပြီး၊ နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်သော ဖိအားကို အောက်သွေး (Diastolic Blood Pressure) ဟုခေါ်ပါတယ်.. သွေးတိုးရောဂါ ရှိမရှိကို နားလည် တတ်ကျွမ်းသော ကျန်းမာရေး ဝန်ထမ်းများဖြင့် အလွယ်တကူ စစ်ဆေးနိုင်ပြီး အစားအသောက် အနေအထိုင် ပြုပြင်၍ ဆေးဝါး စနစ်တကျ သုံးစွဲပါက ရောဂါကို ထိန်းချုပ် နိုင်ပါတယ်.. "The Seventh Report of the Joint National Committee on Prevention, Detection, Evaluation, and Treatment of High Blood Pressure" (JNC7) ၏ ထုတ်ပြန်ချက် အရ သွေးတိုးရောဂါ ကို အောက်ပါအတိုင်း ခွဲခြား သတ်မှတ် ထားပါတယ်..
သွေးဖိအား အခြေအနေ
အသက် (၁၈)နှစ် နှင့် အထက် လူကြီး
အပေါ်သွေး (Systolic BP in mmHg)
အောက်သွေး (Diastolic BP in mmHg)

ပုံမှန် (Normal)
၁၂၀ အောက်
နှင့်
၈၀ အောက်
ပုံမှန်ထက် မြင့်မားပြီး သွေးတိုး မဟုတ်သည့် အခြေအနေ (Prehypertension)
၁၂၀ မှ ၁၃၉
(သို့)
၈၀ မှ ၈၉
အဆင့်(၁) သွေးတိုး (Stage-1, Hypertension)
၁၄၀ မှ ၁၅၉
(သို့)
၉၀ မှ ၉၉
အဆင့်(၂) သွေးတိုး (Stage-2, Hypertension)
၁၆၀ နှင့် အထက်
(သို့)
၁၀၀ နှင့် အထက်
သွေးတိုးရောဂါ ရှိသူများ၏ ၉၀-၉၅% ဟာ အကြောင်းရင်း တိတိကျကျ မသိရဘဲ သွေးတိုးကြပြီး (Essential Hypertension) ဟု ခေါ်ပါတယ်.. ကျန် ၅-၁၀% ကသာ ခန္ဓာကိုယ်တွင်း ရောဂါ တစ်မျိုးမျိုးကြောင့် သွေးတိုးရောဂါ (Secondary Hypertension) ခံစားနေရပါတယ်.. ၎င်းရောဂါများမှာ ကျောက်ကပ်ရောဂါများ (Renal Diseases)၊ ကျောက်ကပ် သွေးကြောကျဉ်း ရောဂါ (Renovascular Hypertension)၊ သွေးကြောမကြီး ရောဂါ(Coarctation of Aorta)၊ အဒရီနယ်ဂလင်း ရောဂါများ (Primary Aldosteronism, Cushing Syndrome, Pheochromocytoma...)၊ သိုင်းရွိုက် ဟော်မုန်း အထွက်လွန်ကဲသော ရောဂါ (Hyperthyroidism)၊ ကိုယ်ဝန်ဆောင် ခြင်းကြောင့် သွေးတိုးခြင်း (PIH)၊ သွေးတိုး စေသောဆေး (Cocaine, Cyclosporin, Erythropoietin, Adrenergic medications,...) သုံးစွဲနေရခြင်း နှင့် အရက် သောက်သုံးခြင်း (Alcoholism) တို့ဖြစ်ပါတယ်..
သွေးဖိအား 115/75 mmHg ကို ပုံမှန်ထား၍ အပေါ်သွေး 20 (or) အောက်သွေး 10 mmHg စီ တိုးတိုင်း နှလုံးနှင့် ပတ်သက်သော ရောဂါ ဖြစ်နိုင်ခြေ (Cardiovascular Disease Risk) နှစ်ဆ စီ တိုးလာပါတယ်.. အမေရိကန် နိုင်ငံ National Health and Nutrition Examination Surveys ၂၀၀၅-၂၀၀၆ ခုနှစ် စစ်တမ်းမှ အချက် အလက်များကို ထုတ်နုတ် တင်ပြရလျှင်
အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၂၉% မှာ သွေးတိုးရောဂါ ခံစားနေရပြီး အသက်အရွယ် ကြီးလာသည်နှင့် အမျှ ဖြစ်ပွားနှုန်း မြင့်မားနေပါတယ်.. ၎င်းတို့ထဲတွင် ၇% မှာ အသက် ၁၈ နှစ် မှ ၃၉ နှစ်အတွင်း ဖြစ်ပြီး၊ ၆၇% မှာ အသက် ၆၀ နှစ်နှင့် အထက် ဖြစ်ပါတယ်..
အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၃၇% မှာ ပုံမှန်ထက် သွေးဖိအား မြင့်မားနေပြီး (Prehypertension) ၃၀% မှာ ၁၈နှစ် မှ ၃၉နှစ် အတွင်း ဖြစ်ပြီး ၃၈% မှာ ၆၀နှစ် နှင့် အထက် ဖြစ်ပါတယ်..
သွေးတိုးရောဂါ လက္ခဏာများ
သွေးတိုးရောဂါ ရှိသူများ၏ သုံးပုံတစ်ပုံ ခန့်မှာ မိမိတွင် သွေးတိုးရောဂါ ရှိမှန်း မသိကြသူများ ဖြစ်နေပါတယ်.. များသောအားဖြင့် သွေးတိုး လက္ခဏာ မခံစားရသူ၊ ဘာလက္ခဏာမှ မပြသူ များပါတယ်.. ခံစားရသူ အချို့တွင် ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူ မြန်လာခြင်း၊ အမြင် ဝေဝါးလာခြင်း တို့ ဖြစ်တတ်ပါတယ်.. အချို့မှာ ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး လက္ခဏာ (Complications) များဖြင့် ပြတတ်ကြပါတယ်.. ရင်ဘတ်အောင့်ခြင်း (နှလုံး သွေးကြော ကျဉ်းခြင်း)၊ လေဖြတ်ခြင်း (ဦးနှောက် သွေးကြော ပိတ်ခြင်း/ ပေါက်ခြင်း)၊ မော၍ ဖောယောင်ခြင်း (နှလုံး ညှစ်အား နည်းခြင်း- Heart Failure)၊ မျက်နှာ ယောင်အမ်း လာခြင်း (ကျောက်ကပ် ပျက်စီးခြင်း-Renal Failure)၊ မျက်စိ အမြင် ချို့ယွင်းလာခြင်း (Hypertensive Retinopathy) တို့ ဖြင့် လက္ခဏာ ပြတတ် ကြပါတယ်..
သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
သွေးတိုး ရောဂါကြောင့် နှလုံးသွေးကြောများ ထူအမ်း မာကျောလာပြီး (Atherosclerosis) နှလုံး သွေးကြော ကျဉ်းခြင်း/ ပိတ်ခြင်း (Heart Attack)၊ နှလုံးကြွက်သားများ ထူထဲလာပြီး (LVH) နှလုံးညှစ်အား လျော့နည်းလာခြင်း (Heart Failure) တို့ ဖြစ်ပေါ်လာ တတ်ပါတယ်..
ဦးနှောက် သွေးကြော ပိတ်ခြင်း (Ischemia)၊ သွေးကြော ပေါက်ခြင်း (Haemorrhage) တို့ဖြစ်ပေါ် စေပြီး လေဖြတ်ရောဂါ (Stroke) ဖြစ်ပေါ်လာ တတ်ပါတယ်..
သွေးတိုးရောဂါ တာရှည်လာပါက ကျောက်ကပ် ပျက်စီးပြီး (Nephrosclerosis) ကျောက်ကပ် လုပ်ငန်း ယိုယွင်းခြင်း (Renal Failure) ဖြစ်ပေါ် လာတတ် ပါတယ်
မျက်စိတွင်းရှိ မြင်လွှာ (Retina) သွေးကြောများ ထိခိုက် ပျက်စီးပြီး အမြင်အာရုံ (Hypertensive Retinopathy) ထိခိုက်လာ တတ်ပါတယ်..
သွေးတိုးရောဂါကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများ
JNC7 မှ ထုတ်ပြန်ချက်အရ သွေးတိုးရောဂါ ရှိသူများသည် သွေးဖိအားကို 140/90 mmHg အောက် နှင့် ဆီးချို၊ ကျောက်ကပ် ရောဂါ ရှိသူများ အနေဖြင့် 130/80 mmHg အောက် ရှိနေစေရန် ညွှန်ကြား ထားပါတယ်.. သွေးတိုး ရောဂါကို ထိန်းချုပ်နိုင်ရန် အောက်ပါ အတိုင်း လိုက်နာ သင့်ပါတယ်..
ကိုယ်အလေးချိန် အဝ မလွန်စေရန် ထိန်းသိမ်း ထားရမည်.. Body Mass Index (BMI) ကို ၁၈.၅ မှ ၂၄.၅ အတွင်း ရှိနေစေရန် ထိန်းထားရမည်..
လမ်းမြန်မြန် လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း ကဲ့သို့သော ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း ကို ပုံမှန် တစ်နေ့ မိနစ် ၃၀ လုပ်ရမည်..
Dietary Approaches to Stop Hypertension (DASH) Eating Plan အရ သစ်သီး ဝလံများ၊ ဟင်းသီး ဟင်းရွက်များ၊ အဆီ ထုတ်ထားသော နို့နှင့် နို့ထွက် ပစ္စည်းများကို များစွာ စားသုံးပါ.. ဆား (ဆိုဒီယမ်) နည်းသော အစာများကို ရွေးချယ် စားသုံးပါ.. အထားခံသော အစာများ (Preserved Food)၊ ပြုပြင်ထားသော အစာများ (Processed Food) သည် ဆားပါဝင်မှု များပြား ပါတယ်.. ငါးများ၊ အဆီမပါသော အသားများကို စားသုံးပါ.. ကိုလက်စထရော များသော အဆီ၊ အဆိမ့်၊ အချိုများကို ရှောင်ပါ..
အရက် အလွန်အကျွံ သောက်သုံးခြင်းသည် သွေးတိုး စေတတ်သဖြင့် ရှောင်ကြဉ်ပါ..
သွေးတိုးရောဂါ အတွက် ဆရာဝန် ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ သုံးစွဲရမည်..
Written by a group of Myanmar Public Health Professionals.Reference;The Seventh Report of the Joint National Committee on Prevention, Detection, Evaluation, and Treatment of High Blood Pressure (JNC7)American Heart Association's ReportHypertension - Emedicineပေးပို့သူ မြန်မာပြည်မှ ဆေးပညာရှင်များကို အထူးကျေးဇူးတင်ရှိပါသည်။Rest of your post
အဆုံးအထိဆက်ဖတ်ရန်

Wednesday, April 15, 2009

သူမ သို့မဟုတ် အဖြူရောင် အပိုင်း(၂)

ရင်ထဲမှာ ခံစားနေရတဲ့ သူမကြောင့်ရဲ့ဝေဒနာတွေဟာ ပင်လယ်လှိုင်းတွေမှာ မျောနေသလို နိမ့်လိုက်မြင့်လိုက်နဲ့။ အံထွက်လာချင်နေတဲ့ ရင်ထဲကအသံတွေကို အဓမ္မထိန်းချုပ်နေရင်း နှစ်ယောက်သား ထိုင်နေတဲ့ ထမင်းစားဝိုင်းမှာတောင် သူမရဲ့မျက်နှာကို ရင်ဆိုင်ကြည့်နိုင်တဲ့ စွမ်းအား ကျနော့မှာ မရှိတော့ပါဘူး။ အတွေးတွေက ဟိုကမ္ဘာအပြင်ဖက်ကိုရောက်နေတယ်ဆိုတာကိုတော့ ကိုယ့်ကိုကိုယ်သိတယ်၊ သူမလည်းသိချင်သိမှာပါ၊ ကြိုးစားပြီး စကားတွေပြောခဲ့ပေမယ်လို့ လေသံထွက်ဖို့တောင် အားယူပြီးပြောခဲ့ရတယ်၊ အကြောင်းအရာတွေကလည်း အရင်လို ရယ်စရာတွေမပါတော့ဘူး။ မကြည့်တော့ဘူးလို့ဆုံးဖြတ်ထားတဲ့စိတ်နဲ့တင်းထားပေမဲ့ သူမရဲ့မျက်နှာကိုခိုးခိုးပြီးကြည့်မိပြန်တယ်။ ဝေဒနာတွေက ထပ်ဆင့်တိုးလာပြန်တယ်။ အရသာမရှိတော့တဲ့ဟင်းကို မျိုချနေရင်း ကြည့်မိကြည့်ရာကိုသာ စိုက်ကြည့်နေမိတော့သည်။ ဘာကြည့်ကြည့် မမြင်နိုင်တော့၊ဘာပြောပြောမကြားနိုင်တော့.... ကျနော့်အတွက်တော့ အရာရာဟာ သက်မဲ့လိုပါဘဲလေ။ အချိန်တန်ရင်သူမပြန်တော့မယ်ဆိုတာသိနေပေမဲ့ အဲဒီအချိန်ကိုရောက်လာဖို့ဆွဲထားလို့ရရင် ဆွဲလို့ထားချင်တယ်။ ရပ်တန့်ခိုင်းလို့ရရင် ရပ်တန့်ခိုင်းချင်တယ်။ သူမရဲ့မျက်နှာကိုမြင်နေရရင် ဟိုအရင်လို ပျော်နိုင်တဲ့စွမ်းအားတွေမရှိတော့ပေမယ်လို့ သူမ အနီးနားမှာ အမြဲရှိနေစေချင်တာ ဘာကြောင့်မှန်းလဲမသိပါဘူး။ သူမ တံခါးဖွင့်ကာ ကျောပေးသွားတိုင်း အထီးကျန်စွာခံစားရပေမယ်လို့ အခုမှဘာဖြစ်လို့ ကြောက်နေမှန်းမသိပါဘူး။ ဝေးသွားရမှာကိုလား။ ပစ်သွားခံရမှာကိုလား.... နီးမှမနီးနိုင်ဘူးဆိုတာ သူမပြောပြီးပြီပဲ၊ ပစ်သွားတာမဟုတ်ပေမဲ့ ဂရုတစိုက်မှ မလုပ်နိုင်တာပဲဥစ္စာ၊ ဒီနေ့တွေမြန်မြန်ကုန်ဆုံးစေချင်ပေမဲ့ မနက်ဖြန်ဆိုတဲ့ နေ့ရက်တွေရောက်လာမှာကိုလည်း မလိုလားပြန်၊ အဆုံးမတော့ နာကျင်နေတဲ့ နှလုံးသားကိုသာ စိတ်ထဲမှာ ဖြစ်ညှစ်ခြေမွနေမိပါတော့သည်။

ရာသီဥတုက ကိုယ့်ဖက်ကမရှိပါ။အုံ့မှိုင်းနေတဲ့ မိုးတိမ်တွေက ကျွန်တော်အတွက် ဝေဒနာမိုးတွေရွာချပေးတော့မလို၊၊ လွမ်းဆွေးနေသောစိတ်ကို ပိုပြီးအထီးကျန်အောင်၊ နာကျင်နောသောနှလုံးသားကို ကျင်စက်နဲ့ ထိုးဆွနေသလို ကျနော့အတွက် အတော့်ကို အနေရအထိုင်ရခက်လှသည်။ ကျနော်ပြန်လာတော့ မိုးတွေက တဖွဲဖွဲနဲ့ရွာနေတုန်း။ ဘာရယ်မဟုတ် မနေ့ကဒီလိုအချိန်ကို ပြန်ပြီးသတိရလာပြန်သည်။
မနေ့က .. အုတ်ခုံတန်းလေးပေါ်မှာ သူမထိုင်ပြီးကျနော့ကိုစောင့်နေသည်။ သူမ၀တ်နေကြဂျင်းဘောင်းဘီမီးခိုးရောင်ပေါ်မှာ တခါမှဝတ်တာမမြင်ဘူးသေးတဲ့အနက်ရောင်ဆွယ်တာကိုခါးဖေါ်ဝတ်ပြီး ဆံပင်ကိုဂုတ်ပေါ်ဝဲနေအောင်ထိချထားသောသူမကို အတွေးထဲကဖျောက်ဖျက်မပြစ်နိုင်။ ဒီနေ့ဟာ သူမနဲ့နောက်ဆုံးတွေရတော့မဲ့နေ့မို့လားတော့မသိ ရင်ထဲမှာ ဆွေးဆွေးမြေ့မြေ့ခံစားရသည်။ နောက်ဆုံးအနေဖြင့် သူမကိုလိုက်ပို့ဖြစ်ခဲ့၏။ ပြောချင်တာတွေပြောဦးမယ်လို့စဉ်းစားထားသော်လည်း စကားတခွန်းတောင်မှထွက်မလာပါ။ ရထားဟာ တံတားတစင်းပြီးတစင်းပြီးဖြတ်၍တဘူတာပြီး တဘူတာဆိုက်ကပ်နေသော်လည်း ကျနော်ဟာငြိမ်သက်စွာသူမဘေးမှာထိုင်မြဲထိုင်နေဆဲ။ အားလုံးကို လက်လျှော့လိုက်တော့မည်ဟုဘဲ ကျနော်ဆုံးဖြတ်လိုက်မိတော့သည်။ ဘာကြောင့်တော့လည်းတော့မသိ ဒီလိုဘဲဆုံးဖြတ်လိုက်သည်။ သူမ အလုပ်ချိန်က နည်းနည်းလိုနေသေးလို့ အနီးရှိ စားသောက်ဆိုင်ထဲသို့နှစ်ယောက်သား ၀င်ထိုင်ဖြစ်ခဲ့ပါသေးတယ်။ ကလေးလေးတစ်ယောက်လို စကားပြောရင် ရယ်ရယ်ရွှမ်းရွှမ်းနဲ့ ကျနော့ရှေ့တွင်ထိုင်နေသော သူမရဲ့ပုံလွှာတွေကို ကျနော့နှလုံးသားမှ တဖြတ်ဖြတ်ရိုက်ကူးသိမ်းဆည်းနေသည်ကိုတော့ သူမ သတိပြုမိဟန်မရှိ။ အဲဒီနေ့ အဲဒီအချိန်မှာပဲ သူမ ကျနော့အတွက် စိတ်သောကရောက်စရာ စကားတွေစပြောလာနေတော့သည်။ သူမ ရယ်ရွယ်ချက်ရှိရှိပြောနေတာလား ကျနော့ကို စ. နေတာလားတော့ ယနေ့အထိ ကျနော် ဝေခွဲမရပါ။ အချိန်တွေ တရွေ့ရွေကုန်လွန်စေပြီးမှသိရှိနိုင်ဖို့ စောင့်စားရပါဦးမည်။

ရာဇာ
လွတ်လပ်မှု အတွက် ကိုယ့်ကိုကိုယ် အားကိုးကြပါ
ဆောင်းပါးရှင် - ဆရာတော် ဦးဇောတိက
စာဖတ်ပရိသတ်များခင်ဗျား-
ဆရာတော် ဦးဇောတိကကို ကျွန်တော် လေးစား ခဲ့ရသလို သူ့စာတွေဟာလည်း ကျွန်တော် အသည်းစွဲ ဖြစ်ခဲ့ရ ပါတယ်။ အခုတင်ပြမဲ့ ကောက်နုတ် ဖေါ်ပြချက်ကို ဖတ်ရူပြီး သေချာစဉ်းစားကြည့်ကြရင်း လွတ်လပ်မှုအတွက် ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်ဖို့ အားအင်သစ်တွေ မွေးဖွားနိုင် ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ကိုယ်ကျိုးမပါလို့ ကြောက်စိတ်မရှိဘဲ အာဏာရှင်တွေရဲ့ အကျဉ်းထောင်တွေထဲမှာ နှစ်ရှည် ထောင်ဒါဏ်ကျခံ နေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ဒီစာစုနဲ့ ဦးညွတ် ဂုဏ်ပြုလိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လူ့အရည်အချင်း၊ လူ့အခွင့်အရေးကို ပိတ်ပင် တားဆီးနေတဲ့ အာဏာရှင် လူတစ်စုကို ဆရာတော်ရဲ့  စာစုတွေက မီးမောင်း ထိုးပြနေတဲ့အပြင် လွတ်လပ်မှုရဲ့  အနှစ်သာရကိုလည်း ပိုမို သိရှိ နားလည်စေလို့ ဆရာတော်အား ကျွန်တော် ကိုဖိုးတရုတ်မှ ရှိခိုးပူဇော်ရင်း စာဖတ်ပရိတ်သတ်များအတွက် တင်ဆက်လိုက် ပါတယ် ခင်ဗျား။
အကြောင်းအကျိုး ကိုက်အောင် စဉ်းစားနိုင်တဲ့ လူ့အရည်အချင်းကို ပိတ်ပင်တာ ဖျက်ဆီးတာဟာ လူ့အရည်အချင်း အစစ်ကို ဖျက်ဆီးတာဖြစ်တယ်။ ဒါဟာ အရက်စက်ဆုံး၊ အကြီးလေးဆုံး ပြစ်မှုပဲ။ “အမှန်တရားကို မသိအောင် ပိတ်ပင်တာ အကြီးမားဆုံးပြစ်မှုကို လွန်ကြူးတာပဲ။”
ဘယ်သူတွေက ဒီပြစ်မှုကို လွန်ကြူးနေကြသလဲ။ “လူတွေကို လွှမ်းမိုးခြယ်လှယ်ချင်တဲ့သူတွေ။ လူတွေကို ကြောက်အောင်လုပ်ပြီး ကိုယ်ကျိုးရှာ ချင်တဲ့သူတွေ” ဖြစ်တယ်။
စဉ်းစားခွင့် မပေးတာ၊ သံသယ ဖြစ်ခွင့် မပေးတာ၊ ကြောက်အောင် လုပ်တာဟာ အသိဥာဏ်ကို သတ်လိုက်တာပဲ။ လူသားရဲ့  အကောင်းဆုံး အရည်အချင်းကို ဖျက်ဆီးလိုက်တာပဲ။ လူသားကို လူသား အဆင့်ကနေ ကျသွားအောင် လုပ်လိုက်တာပဲ။
မြတ်စွာဘုရားကတော့ လူသားကို အဆင့်မြှင့်ပေးလိုက်တယ်။ လူသားကို လူသားနဲ့ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုတယ်။ အမှန်တရားကို တကယ်လိုလားရင်၊ လွတ်လပ်မှုကို တကယ်လိုချင်ရင် အမှားအမှန်ကို ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ ဒီတာဝန်ကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို ကိုယ်လေးစားတဲ့သူဟာ အလွယ်လမ်းကို မလိုက်ဘူး။ အမှန်လမ်းကို လိုက်တယ်။ အမှန်လမ်းဟာ မလွယ်ဘူး။ တစ်ခါတလေ အမှန်တရားနဲ့ အကြိတ်အနယ် နပန်းလုံးနေရသလိုပဲ။ အမှန်တရားက တကယ်မှန်ရင် နောက်ဆုံးမှာ အမှန်တရားကပဲ အနိုင်ရပါတယ်။ အမှန်တရားကို ထိုက်ထိုက်တန်တန် နေရာပေးချင်ပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ လက်မခံတာပါ။ လွယ်လွယ်နဲ့ လက်ခံရင် မလေးစား ရာရောက် တယ်။
ပြောသမျှယုံမှ လေးစားရာ ရောက်တယ်လို့ ထင်နေကြတယ်။ ပြိုင်ဘက်မရှိလို့ ပထမ ရတယ်ဆိုတာ တကယ် ထိုက်ထိုက်တန်တန် ရတာလား။ အခုခေတ်မှာ ပြိုင်ဖက်မရှိ ပထမရနေတာတွေ တော်တော်များပါတယ်။ အကြိတ်အနယ်လုပ်ပြီးမှ အနိုင်ရတာဟာ ထိုက်ထိုက်တန် တန် အနိုင်ရတာ..နော်။
ကိုယ့်အသိဥာဏ်ကို အသိအမှတ် မပြုတာဟာ ကိုယ့်ကို လူလို့ သဘောမထားတာဘဲ၊အဲဒါဟာ စော်ကား တာပဲ။ ကိုယ့်ကို လူလို့ သဘော မထား တဲ့သူကို ကိုယ်က ဆရာလို့ ဘယ်လို သဘောထား နိုင်တော့မလဲ။ ဆရာတွေဟာ များသောအားဖြင့် “ငါပြောတာကို ယုံပါ။ ငါက တကယ်သိလို့ ပြောတာ။ မင်းတို့က ငါ့ကိုတောင် မယုံဘူးလား လို့ ပြောကြတယ်။ အဲဒီလို ပြောနေကြတာ ကြားခဲ့ရတာ များလှပြီ၊ ခေါင်းဆောင်လုပ်တဲ့သူ တော်တော် များများဟာ နောက်လိုက်တွေကို လှည့်စားတယ်။ ယုံလွယ်တဲ့ သူတွေကို လှည့်စားပြီး ကိုယ်ကျိုးရှာတယ်။ အခုခေတ်မှာတော့ ပြောတဲ့သူကလည်း ကိုယ်တိုင်သိလို့ ပြောတာ မဟုတ်ဘူး။ ယုံတဲ့ သူကလည်း ကိုယ်တိုင်သိဖို့ကို မကြိုးစားတော့ဘဲ လွယ်လွယ်နဲ့ဘဲ ယုံလိုက်တယ်။
ပြောတဲ့သူက သူပြောတာကို မယုံဘူးလို့ ဆိုရင် စိတ်ဆိုးသွားမှာ သေချာတယ်။ ဘာဖြစ်လို့ စိတ်ဆိုးမှာလဲ။ သူကိုယ်တိုင်က သိလို့ ပြောတာ မဟုတ်ဘဲကိုး။ သိလို့ ပြောတဲ့သူဟာ မယုံရင်လည်း စိတ်မဆိုးဘူး။ ဘာဖြစ်လို့ စိတ်မဆိုးတာလဲ မယုံရင် စမ်းကြည့်ပါလားလို့ သူပြောနိုင်တယ်။ ကိုယ်တိုင်က ကိုယ်တွေ့မရှိရင် စမ်းကြည့်ပါလို့ မပြောနိုင်ဘူး။ ဒါကြောင့် ကိုယ်တွေ့ မရှိတဲ့သူဟာ ပြောအားမရှိဘူး။ အကြောင်းအကျိုး သဘာဝကျအောင် မပြောဘဲ ကြောက်အောင်လုပ်ပြီးယုံခိုင်းတယ်။
လှည့်စားချင်တဲ့သူဟာ သူပြောတာကို မယုံမှာ ကြောက်တယ်။ ကိုယ်ကျိုးရှာချင်တဲ့သူဟာလည်း ထို့အတူဘဲ။ မလှည့်စားချင်တဲ့သူ၊ ကိုယ်ကျိုးမရှာတဲ့ သူဟာ သူပြောတာကို မယုံမှာ မကြောက်ဘူး။ သူက ကိုယ်ကျိုးအတွက် ပြောတာမှ မဟုတ်ဘဲ။ ပြောတာ အကျိုးရှိတာကို သိစေချင်လို့ ပြောတာ။ မယုံလည်း ကိစ္စမရှိဘူး။ သူ့မှာ ဘာမှ ဆုံးရှုံးမသွားဘူး။ ဒါကြောင့် ကိုယ်ကျိုး မပါရင် ကြောက်စိတ်မရှိဘူး။ နောက်တစ်ချက်က ကိုယ်ယုံတာကို ကိုယ်ကိုယ်တိုင်က ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကို သိပ်မသေချာရင် သူများကို ယုံစေချင်တယ်။ သူများ မယုံမှာကို ပိုကြောက်တယ်။ ကိုယ်က တကယ် ဟုတ်မှန်း သိရင် သူများ မယုံတာကို သိပ် မကြေမနပ် မဖြစ်ဘူး၊ ယုံအောင်လည်း အတင်း မပြောဘူး။
ရိုးသားမှု မရှိဘဲ အမှန်တရားကို မသိနိုင်ဘူး။ အမှန်တရားကို မသိဘဲ လွတ်လပ်မှု မရှိနိုင်ဘူး။ အဲဒါကြောင့် အမှန်တရားကို သိဖို့ တသက်လုံး လေးလေးစားစား လုပ်ရမယ်။
င့ါအမိန့်ကို နာခံ၊ ငါ ပြောသလိုလုပ် လို့ ပြောကြတယ်။ အဲဒါ င့ါကို အားကိုးလို့ ပြောတာနဲ့ အတူတူဘဲ။ မင်းတို့ ဥာဏ်ကို မင်းတို့ မသုံးနဲ့လို့ ပြောတာနဲ့ အတူတူဘဲ။ သူများကို အားကိုးနေရင် လွတ်လပ်မှု မရှိဘူး။ ကိုယ့် ဥာဏ်လည်း မထွက်ဘူး။ အမြဲတမ်း ကလေးလို နေရမယ်။ မြတ်စွာဘုရား ကလူကြီးဖြစ်အောင် လမ်းဖွင့် ပေးလိုက်တာ။ အားလုံးက လမ်းပိတ်ထားကြတယ်။ လူကြီး ဖြစ်ခွင့် မပေးဘူး။ မြတ်စွာဘုရားက လမ်းဖွင့်ပေး လိုက်တယ်။ လူကြီး ဖြစ်ခွင့်ပေးလိုက်တယ်။ ကလေးဆိုတာ သူများ ဆုံးဖြတ်ပေးတာကို လုပ်ရတယ်။ ကိုယ်တိုင် ဆုံးဖြတ်ခွင့် မရှိဘူး။ လူကြီးဆိုတာ ကိုယ့် ဥာဏ်နဲ့ ကိုယ် ဆုံးဖြတ်ရတယ်။ ကိုယ့် ဥာဏ်နဲ့ ကိုယ် မဆုံးဖြတ်နိုင်ရင် လူကြီး မဖြစ်သေးဘူး။ ကိုယ့်ဥာဏ်နဲ့ ကိုယ် ဆုံးဖြတ်နိုင်လေလေ လူကြီး ဖြစ်လေပဲ။ လွတ်လပ်မှု ပိုရှိလေပဲ။ မြတ်စွာဘုရားဟာ တပည့်တွေကို လူကြီးဖြစ်အောင် အားပေးတာ.. ကလေးလို တသက်လုံးနေအောင် မလုပ်ဘူး။ အဲဒါ တကယ့် မေတ္တာပဲ။ တသက်လုံး ကလေးလို နေအောင် လုပ်ထားတာ မေတ္တာ မဟုတ်ဘူး။
Do not depend upon others.
ဘယ်သူ့ကိုမှ မမှီခိုပါနဲ့..တဲ့။ ဘယ်လို ကိစ္စမှာ ဖြစ်ဖြစ် သူများကို မှီခိုနေရင် ကိုယ်က ကလေးလို နေရမယ်၊ ကလေးနေရာမှာ နေရမယ်။ စားဝတ်နေရေးမှာ သူများကို မှီခိုနေရင် ကလေးလို နေရမယ်၊ ပညာရေးမှာ အသိဥာဏ်ပိုင်းမှာ မှီခိုနေရရင်လည်း ကလေးပဲ။ စိတ်ချမ်းသာမှုအတွက် သူများကို မှီခိုနေရရင်လည်း ကလေး ဘ၀က မလွတ်သေးဘူး။ အစစ အရာရာမှာ ကိုယ့်အားကိုယ်ကိုးမှ လူကြီးဖြစ်မယ်။ လွတ်လပ်မယ်။ လူကြီး ဖြစ်တယ်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူး။ ကိုယ့်ကိုယ်ကို ကိုယ်ဘယ်လောက် အားကိုးသလဲဆိုတာနဲ့ဘဲ ဆိုင်တယ်။ လူတွေဟာ အားကိုးရမဲ့ လူကို လိုက်ရှာနေကြတယ်။ ရှာလို့ မတွေ့ရင် ဘယ်သူ့ကိုမှ အားမကိုးရပါလားလို့ ငြီးငြူကြတယ်။ အားကိုးရမဲ့သူကို တခြားမှာ ရှာနေသေးသရွေ့ အဲဒီအတိုင်း ငြီးငြူနေရမယ်။
သူတစ်ပါးကို အားမကိုးပါနဲ့၊ ကိုယ့်ကိုယ်ကို အားကိုးပါလို့ မြတ်စွာဘုရား မှာတဲ့အတိုင်း လုပ်နိုင်ရင် မငြီးငြူ နိုင်တော့ဘူး။ ငြီးငြူရတဲ့ ဘ၀ကနေ လွတ်ပြီ။ အားငယ်နေရတဲ့ ဘ၀က လွတ်ပြီ။ တကယ် လွတ်လပ်ချင်ရင် အဲဒီအတိုင်းဘဲ လုပ်ရမယ်။ တခြားနည်းမရှိဘူး။ အဲဒါ ဘုန်းကြီးက ဒီ အဆုံးအမကို ကြားရကတည်းက ဒီအတိုင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘယ်လို ကိစ္စမှာ ဖြစ်ဖြစ် သူတစ်ပါးကို မှီခိုရတာ နည်းနေသမျှ နည်းအောင် လုပ်တယ်။ အထူးသဖြင့် အသိဥာဏ်ပိုင်းမှာ ကိုယ့်ကိုယ်ကိုဘဲ အားကိုးတယ်.. တခြား ဘယ်သူ့ကိုမှ အားမကိုးဘူး။
Do not depend upon others.
သူတစ်ပါးကို အားမကိုးပါနဲ့။
ဒီအဆုံးအမဟာ လွတ်လပ်မှုကို ပီပီပြင်ပြင် ပေးလိုက်တဲ့ အဆုံးအမဘဲ။ အဲဒီ လွတ်လပ်မှုက လူတိုင်းရဲ့  မွေးရာပါ အခွင့်အရေး။ ဒီအခွင့်အရေးကို ဘယ်သူမှ ချုပ်ချယ်ခွင့် မရှိဘူး။ အဲဒီ အရှိကို အရှိအတိုင်း လက်ခံတာ၊ အသိအမှတ်ပြုတာ ဒီလိုလူတိုင်းရဲ့  မွေးရာပါ လွတ်လပ်မှုကို အသိအမှတ်ပြုလို့ ဗုဒ္ဓဘာသာ တရားကို The Religion of Freedom လို့ ခေါ်တာ။ တကယ်လွတ်လပ်တဲ့သူ ဖြစ်ချင်ရင် တနည်းဘဲ ရှိတယ်။ ကိုယ့် အားကိုယ်ကိုးရမယ်။ ကိုယ့် အသိဥာဏ်ကို ကိုယ် အားကိုးရတယ်။
“ကိုယ့် လွတ်လပ်မှုကို ကိုယ် ရအောင် လုပ်ရမယ်။”
ဒါမျိုး ပြောတာ မကြားဖူးဘူး။ ဘုရားကလွဲလို့ တခြားလူတွေ ဒီလို မပြောဘူး။ ငါ့ကို အားကိုးပါ၊ ငါ့ကို ယုံကြည်ပါ၊ င့ါကို ကိုးကွယ်ပါ လို့ ပြောကြတယ်။ ကိုယ့် ဘ၀ကို သူတို့ လက်ထဲ ရောက်အောင်ဘဲ ကိုယ့်ကို အယုံသွင်းပြီး ကြိုးကြိုးစားစား လုပ်နေတာ၊ မြတ်စွာဘုရားကတော့ ကိုယ့်ဘ၀ကို ကိုယ့်လက်ထဲ ပြန်ထည့်ပေးလိုက်တာ။ အဲဒီလို ကိုယ့်ဘ၀ကို ကိုယ့်လက်ထဲ ပြန်ထည့်ပေးလိုက်တာကို မကြိုက်တဲ့သူ ရှိနိုင်တယ်။ ဘယ်သူ တွေ လည်း.. ကိုယ့်ကိုယ်ကို ကိုယ် အားမကိုးချင်တဲ့လူတွေ၊ အားငယ်တဲ့သူတွေ၊ အားငယ်တတ်တဲ့သူဟာ ကိုယ့်ဘ၀ကိုယ် သူများ တာဝန်ယူတာကို လိုချင်တယ်။ အားလုံး ဆုံးဖြတ်ပြီး ဘာလုပ်ရမလဲ ဆိုတာ ပြောပေး။ ဒါကြောင့် ဗေဒင် ဆရာတွေ ထမင်းစားနေရတာပေါ့။
တခြားဆရာတွေက တပည့်တွေကို ကိုယ့်အားကိုယ်ကိုးကြ လို့ ဘာဖြစ်လို့ မပြောတာလဲ။ တပည့်တွေ အပေါ်မှာ မှီပြီး ဆရာကြီး လုပ်စားချင်လို့ပေါ့။ မြတ်စွာဘုရားဟာ ဘယ်သူ့ ပေါ်မှာမှ မှီခိုမှု မရှိလို့ ကိုယ့်အား ကိုယ် ကိုးလို့ ပြောပါတယ်။ တနည်းနည်းနဲ့ လူတွေ အပေါ်မှာ မှီခိုတဲ့လူတွေဟာ ကိုယ့်အား ကိုယ်ကိုးကြလို့ မပြောနိုင်ဘူး။ ဆရာတွေ တော်တော်များများဟာ တပည့်မွေးစားကြတယ်။ တပည့်ပေါ်မှာ မှီခိုနေကြတယ်။ ဒါပေမဲ့ အဲဒါကို ဖုံး ထားကြတယ်။ သူမှီခိုနေတာကို မပေါ်အောင် ငါ့ကို အားကိုးကြလို့ ပြောတယ်။ တကယ်တော့ ပြောင်းပြန်ဖြစ်နေတာနော်။ သူက တပည့်တွေကို အားကိုးနေတာ။ ဒါကြောင့် င့ါကို အားကိုးလို့ ပြောရင် အဓိပ္ပာယ်ကို ပြောင်းပြန် ကောက်လိုက်။ ငါ နင်တို့ကို အားကိုးတယ်လို့ အဓိပ္ပာယ် ကောက်လိုက်။
နောက်တချက်ကတော့ မြတ်စွာဘုရားရဲ့  လွတ်လပ်မှုကို ပီပီပြင်ပြင် ဖေါ်ပြတဲ့ အချက်ပဲ။
“တုမှေဟိ ကိစံ္စ အာတပံ အက္ခာတာရော တထာဂတာ” - တမ္မပဒ
“Things have to be performed by yourselves, the Tathagatas are only showing the way (to emancipation).”
သင်တို့က လုပ်သင့်တာကို လုပ်ရမှာ။ တထာဂတ တို့ဟာ လွတ်မြောက်ရာ လမ်းကိုဘဲ ညွှန်ပြတယ်။ မြတ်စွာဘုရားဟာ လမ်းကို ညွှန်ပြတဲ့ သူဖြစ်တယ်။ ကယ်တင်ရှင် မဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲ ကိုးကွယ်တာကို လိုချင်တဲ့သူ မဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲ ကိုးကွယ်ဖို့ အားမပေးဘူး။ အခုခေတ်မှာတော့ ဆင်းတုတော်ကိုတောင် ပုဂ္ဂိုလ်စွဲ ကိုးကွယ်နေကြတယ်။ ဒီ ဆင်းတုတော်ကို ဘယ်လို အကျိုးများတယ်၊ ဒီဆင်းတုတော်က တန်ခိုးကြီးတယ်လို့ ပြောနေကြတာဟာ ဘုရားဟောနဲ့ ဘယ်လောက် ဝေးကွာသွားပြီးလဲ။ ဒီဆင်းတုတော်က ဟို ဆင်းတုတော်ထက် တန်ခိုးကြီးတယ်လို့ ပြောတာဟာ ဗုဒ္ဓတရားကို ဘာမှ မသိတဲ့ သူတွေရဲ့  အတွေးအခေါ်ပါ။ Idol Worship ရုပ်တု ကိုးကွယ်မှု ဖြစ်သွားပြီ။ ဗုဒ္ဓဘာသာ တရားဟာ ရုပ်တု ကိုးကွယ်မှုကို အားပေးတဲ့ ဘာသာတရား မဟုတ်ပါဘူး။
ဝက္ကလိမထေရ် အကြောင်း ကြားဖူးသလား။
အကျဉ်းချုပ်ပြောမယ်။ ၀က္ကလိမထေရ်ဟာ ဘုရားကို သိပ် ကြည်ညိုတယ်။ ဖူးလို့ အားမရနိုင်ဘူး။ ဒါကြောင့် မြတ်စွာဘုရားကို မြင်နိုင်လောက်တဲ့ နေရာမှာ ထိုင်ပြီးတော့ ဖူး နေတတ်တယ်။ အေးချမ်းတဲ့ သူကို ဖူးရတဲ့သူဟာ အေးချမ်းမှာဘဲနော်။ “သမဏာနဉ္စ ဒဿနံ” ဆိုတဲ့ မင်္ဂလာတရားလည်း ညီပါတယ်။ အကျိုှးရှိပါတယ်။ ဒါပေမဲ့ မြတ်စွာဘုရားက ၀က္ကလိမထေရ်ကို မိန့်တော်မူတယ်။
“ကိံတေ ၀က္ကလိ က္ကမိနာ ပူတိကာယေန ဒိဋ္ဌေန။”“ယော ဓမံ္မ ပဿတိ သော မံ ပဿတိ။” — ဓမ္မပဒ
What does it bring to you, Vakkali; by looking at this physical body of filth? He who sees the Dhamma sees me.
မြတ်စွာဘုရားဟာ လွတ်လပ်သူ ဖြစ်တယ်။ ၀က္ကလိမထေရ်ကိုလည်း လွတ်လပ်စေချင်တယ်။ ဒါကြောင့် “ဒီ ခန္ဓာကိုယ် အပုပ်ကောင်ကို ဖူးနေတာ ဘာအကျိုး ရှိသလဲ ၀က္ကလိ။ တရားကို မြင်တဲ့သူဟာ ငါ ဘုရားကို မြင်တယ်။ တရားကို မမြင်ရင် ဘုရားကို မမြင်ဘူးလို့ ”မိန့်တော်မူလိုက်တယ်။ တရားကို မြင်ပြီး လွတ်လပ်တဲ့သူ ဖြစ်စေချင်တယ်။ မျက်နှာတော်ကို ဖူးနေတာကို အားမပေးဘူး။ မျက်နှာတော်ကို ဖူးနေရုံနဲ့ လွတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး။ သက်တော်ထင်ရှား ဘုရားကို ဖူးနေတာတောင် အားမပေးဘူး။ ရုပ်ရည်ကို ဦးစားပေးတာကို အားမပေးဘူးလို့ လည်း ဆိုနိုင်တယ်။ ဒီ ရုပ်ရည်က ဘုရားအစစ်မဟုတ်ဘူး။ အမှန်တရားကို သိတော်မူတဲ့ ဥာဏ်တော်ကသာ ဘုရားအစစ်၊ ရုပ်ရည်က အဲဒီ ဥာဏ်တော်ရဲ့  နေရာ ဖြစ်တယ်။ အဲဒီတော့ အခုခေတ် ဆင်းတုတော်တွေကို ကိုးကွယ်တာကို ဘုရား ဘယ်လို မိန့်တော်မူမလဲ။ ဆင်းတုတော် ဆိုတာ Symbol ဖြစ်ပါတယ်။ ရည်မှန်းစရာ သင်္ကေတ တစ်ခု… ကိုယ့်မိဘရဲ့  ဓာတ်ပုံဟာ မိဘ အစစ်မဟုတ်ဘူး။ ဒါပေမဲ့ မိဘ ကိုယ်စား ကြည့်စရာ ရည်မှန်းစရာဘဲ။
He who sees the Dhamma sees me.
တရားကို မြင်တဲ့သူမှ ဘုရားကို မြင်တယ်။ အမှန်တရားကို သိပြီး မြင်ပြီး လွတ်လပ်တဲ့အခါမှာ ဘုရားကို ကြည်ညိုတတ်လာတယ်။ ထူးထူးဆန်းဆန်း ပုံတော် ထုထားတဲ့ ဆင်းတုတော်ကို ကြည်ညိုရုံနဲ့ ဘုရားကို ကြည်ညိုတတ်ပြီလို့ မဆိုနိုင်သေးဘူး.နော်။
“The Tathagatas are only showing the way.”
ဘုရားဟာ လမ်းကို ညွှန်ပြလိုက်တာဘဲ။ ညွှန်ပြတဲ့လက်ကို ကြည့်ရုံနဲ့ မလုံလောက်သေးဘူး။ လက်ညှိုး ဘယ်ကို ညွှန်သလဲဆိုတာကို ကြည့်ပြီး အဲဒီ လက်ညှိုး ညွှန်ရာကို ရောက်အောင် သွားရမယ်။
မြတ်စွာ ဘုရားဟာ ချမ်းသာတဲ့ သူတွေ၊ အာဏာရှိတဲ့ သူတွေကို တပည့် ဖြစ်လာအောင် ဦးစားပေးပြီး လုပ်လေ့ မရှိဘူး။ တရားကို သဘော မပေါက်ဘဲနဲ့ တပည့်ခံတာကို အားမပေးဘူးလို့လည်း ဆိုနိုင်တယ်။
ဥပါလိက ရတနာ သုံးပါးကို ဆည်းကပ်ကိုးကွယ်သူအဖြစ် အသိအမှတ် ပြုပါလို့ လျှောက်တာကို အလျင်စလို မလုပ်ပါနဲ့။ စဉ်းစဉ်းစားစား လုပ်တာ ကောင်းတယ်လို့ မိန့်တော်မူတာကို သေသေချာချာ စဉ်းစားသင့်တယ်။ တပည့် အရေအတွက်များဖို့၊ ဂုဏ်ရှိဖို့ကို ဦးစားမပေးဘူး။ တရားကိုသာ သိပြီး လွတ်လပ်သွားစေချင်တယ်။ တပည့်မွေးဖို့ ရည်ရွယ်ချက် မရှိဘူး။ သူများ တပည့်ကို ကိုယ့်တပည့်ဖြစ်အောင် လုပ်ဖို့ မရည်ရွယ်ဘူး။ အဲဒါကို ကြည့်ရင်လည်း မြတ်စွာဘုရားဟာ ဘယ်လောက် လွတ်လပ်နေသလဲ ဆိုတာ တွေ့ရတယ်။ ပြီးတော့ရတနာ သုံးပါးကို ဆည်းကပ်သူ ဖြစ်လာ သော်လည်း နိဂဏ္ဍတို့ကို ဆက်ပြီး လှူဖို့ မိန့်တော်မူတာလည်း မြတ်စွာဘုရားရဲ့ ကရုဏာကို ပီပီပြင်ပြင် တွေ့ရတယ်။ နိဂဏ္ဍ တွေမှာ ချို့တဲ့ သွားတာကို မဖြစ်စေချင်ဘူး။ ဒီ ကရုဏာဟာလည်း လွတ်လပ်တဲ့သူရဲ့  ကရုဏာဘဲ။ ပြည့်ဝနေသူရဲ့  ဂရုဏာဘဲ။ မပြည့်ဝတဲ့သူဟာ ကရုဏာ မထားနိုင်ဘူး။
မပြည့်ဝတဲ့ သူဟာ သူ့မှာ ဘယ်လောက် ရှိရှိ လိုသေးတယ်လို့ဘဲ ထင်တယ်။ နည်းသေးတယ်လို့ဘဲ ထင်နေတယ်။ သူများ ရမှာကို မလိုလားဘူး။ အခု ကရုဏာမရှိ တကိုယ်ကောင်းဆန်ဆန် လုပ်နေကြတာဟာ ဘာကြောင့်လဲ။ မပြည့်ဝလို့။ ချို့တဲ့နေတဲ့စိတ် ရှိလို့။ ပြည့်စုံတဲ့ စိတ်မရှိလို့၊ လွတ်လပ်တဲ့စိတ် မရှိလို့။ မြတ်စွာဘုရားဟာ ပြည့်ဝနေတယ်။ ပြည့်စုံနေတယ်။ လွတ်လပ်နေတယ်။ ဒါကြောင့် မြတ်စွာဘုရားရဲ့  ကရုဏာဟာ ပြည့်ဝနေသူ၊ ပြည့်စုံနေသူ၊ လွတ်လပ်နေသူရဲ့  ကရုဏာဖြစ်တယ်။
သတိနဲ့ နေလို့ စိတ်ရှင်သန်လာတဲ့အခါ လူသားရဲ့  မြင့်မြတ်မှုကို သိလာတယ်။ တည်ကြည်မှု အစစ်ကို သိလာတယ်။ ရိုးသားမှု အစစ်ကို သိလာတယ်။ လွတ်လပ်မှု အစစ်ကို သိလာတယ်။ ငါ ဆိုတာ မရှိတော့တဲ့ စင်ကြယ်တဲ့ စိတ်ကို တွေ့တဲ့အခါမှာ ဒီစိတ်ဟာ လမ်းမှန်ကို သွားနေတယ် ဆိုတာ သိလာတယ်။ အမှန်ကို သိတဲ့ စိတ်ကို အားကိုးတယ်။ အရှိကို အရှိတိုင်း သိနေတဲ့ စိတ်ကို အားကိုးတယ်။ လောဘစိတ်ကို အားမကိုးဘူး၊ ဒေါသစိတ်ကို အားမကိုးဘူး။ မာနကို အားမကိုးဘူး။
စိတ်ရဲ့  သဘာဝကို သိတဲ့ ဥာဏ်အလင်းရောင်ကို ရလာတဲ့အခါ လူသား တစ်ဦးအနေနဲ့ ကိုယ့်ဘ၀မှာ ရနိုင်တာတွေ ထဲမှာ အဆင့်အမြင့်ဆုံးဟာ လွတ်လပ်မှု ဆိုတာကို သဘောပေါက်လာတယ်။ စိတ်ကို ချုပ်တည်းထားတဲ့အရာတွေဟာ စိတ်ထဲမှာဘဲ ရှိတယ်ဆိုတာလည်း မြင်လာတယ်။ လွတ်လပ်တဲ့ စိတ်နဲ့ မလွတ်လပ်တဲ့ စိတ်တွေကို သေသေချာချာ မြင်လာတယ်။ အဲဒီအခါ အမြဲတမ်း လွတ်လပ်တဲ့ စိတ်နဲ့ဘဲ နေချင်တယ်။ လွတ်လပ်တဲ့ စိတ်နဲ့ နေနိုင်အောင် သတိကို ပိုပြီး ကပ်တယ်။ ကိုယ့်စိတ်က လွတ်လပ် လာလေလေ၊ ဘုရားရဲ့  လွတ်လပ်မှုကို ပိုပြီး အာရုံပြု လေလေ ဘဲ။ ဘုရားကိုလည်း ကျေးဇူးတင်လေလေဘဲ။ တန်ဖိုးထားစရာတွေထဲမှာ လွတ်လပ်မှုဟာ အဆင့်အမြင့်ဆုံးဘဲ။ လွတ်လပ်မှု အကြောင်း မတွေးတဲ့နေ့၊ မပြောတဲ့နေ့ မရှိဘူး။ လွတ်လပ်နေတယ်လို့ သိတယ်။ မလွတ်လပ်ရင် မလွတ်လပ်ဘူးလို့ သိတယ်။ ဘာကြောင့် မလွတ်လပ်ဘူးလို့ ဆိုတာ မြင်တယ်။ လွတ်လပ်မှုကြောင့် ရလာတဲ့ ပျော်ရွှင်မှုဟာ တခြား နည်းတွေနဲ့ ရတဲ့ ပျော်ရွှင်မှုနဲ့ ဘယ်လိုမှ နှိုင်းလို့ မရဘူး။
လွတ်လပ်တဲ့ စိတ်ကို သိလာမှ လူပီသတဲ့ စိတ်ကို သိတယ်။
လွတ်လပ်တဲ့ စိတ်ဟာ ဂုဏ်သိက္ခာ ရှိတယ်။ လွတ်လပ်တဲ့ စိတ်မှာ အထင်ကြီးတာ၊ အထင်သေးတာ မရှိဘူး။ လွတ်လပ်တဲ့ စိတ်ဟာ ကြောက်နေတဲ့ စိတ် မဟုတ်ဘူး။ မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာ၊ အားထားရာ ဖြစ်၏ လို့ ဘုရားဟောတာကို တရားအားထုတ်ပြီး အနတ္တ သဘာဝကို သေသေချာချာ မြင်မှပဲ သဘောပေါက်တယ်။ “မိမိ” ဆိုတာ “ငါ” ဆိုတဲ့ အတ္တ စွဲကို ပြောတာ မဟုတ်ဘူး။ တကယ်တော့ မိမိ ဆိုတာ အတ္တ စွဲ ကင်းနေတဲ့ ဥာဏ်ပညာနဲ့ ယှဉ်တဲ့စိတ်ကို ပြောတာ။ ငါ ဆိုတဲ့ အတ္တစွဲဟာ ကိုးကွယ်ရာ ဘယ်မှာ ဖြစ်နိုင်မလဲ။
စီးပွားဥစ္စာ တိုးတက်ဖို့၊ ရာထူးတိုးဖို့ ဘာသာတရားကို ကိုးကွယ်တဲ့ သူဟာ ဘာသာတရား အစစ်ဟာ ဘာလဲ ဆိုတာကို လုံးလုံးမသိတဲ့ သူဘဲ။ လွတ်လပ်မှုကို လိုချင်လို့ ဘာသာတရားကို ကိုးကွယ်တဲ့ သူမှ သာ ဘာသာတရား အစစ်ဆိုတာ ဘာလဲဆိုတာကို သိနိုင်တယ်။
“လွတ်လပ်ပြီး တရားမျှတဲ့ လူ့အသိုင်းအ၀ိုင်းမှာ နေချင်ရင်၊ စိတ်ချမ်းသာချင်ရင်၊ ဂုဏ်သိက္ခာရှိစွာ နေချင်ရင်၊ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ကာကွယ်ရမယ်” ဒါမှ လူပီသမယ်။
လွတ်လပ်မှု တရားမျှတမှု နှင့် လူ့ဂုဏ်သိက္ခာ
စာဖတ်ပရိသတ်များခင်ဗျား-
တရားမျှတမှုဟာ လူ့ဝတ္တရား ဖြစ်တဲ့အကြောင်းနဲ့ လွတ်လပ်မှုရဲ့  အနှစ်သာရကို တိတိကျကျ တင်ပြထားတဲ့ ဆရာတော် ဦးဇောတိကရဲ့  အတွေးနဲ့  အရေးကို ဒီအပိုင်းမှာ ကောက်နုတ် တင်ပြပေးလိုက်ပါတယ်။ လေးလေး နက်နက် ဖတ်ရှူ့ပြီး ဆရာတော်ရဲ့  ဆိုလိုရင်းကို ဖေါ်ထုတ်ကြဖို့ ကျွန်တော် ကိုဖိုးတရုတ်မှ ဆရာတော် သံဃာတော်များ ဂုဏ်ကျေးဇူးကို အထူးအောင်းမေ့ရင်း တိုက်တွန်း တင်ဆက် လိုက်ပါတယ် ခင်ဗျား။
လွတ်လပ်တဲ့ သူဟာ မယုံသင့်တာကို မယုံတော့ဘူး။ မယုံသင့်တာကို မယုံတဲ့ လူရဲ့ ဘ၀ဟာ ရှင်းတယ်။ မကြောက်သင့်တာကို မကြောက်တဲ့သူရဲ့  စိတ်ဟာ ကြည်လင်ပေါ့ပါးတယ်။ မမျှော်လင့်သင့်တာကို မမျှော်လင့်တဲ့ သူဟာ တခြား လုပ်သင့်တာကို လုပ်နိုင်လို့ သူ့ဘ၀ဟာ ပိုပြီး အဆင်ပြေတယ်။
ဘုန်ကြီး ငယ်ငယ်ကတည်းက လက်ကိုင်ထားတဲ့ မူတစ်ခုရှိတယ်-ကိုယ်လည်း အကျိုးမရှိတာ သူများလည်း အကျိုးမရှိတာ မလုပ်ဘူး။ကိုယ့်မှာ အကျိုးရှိတယ်၊ သူတစ်ပါးကို မထိခိုက်ဘူးဆိုရင် လုပ်တယ်။ကိုယ့်မှာလည်း အကျိုးရှိတယ်၊ သူတစ်ပါးမှာလည်း အကျိုးရှိတယ် ဆိုရင်တော့ ပိုပြီးလုပ်တယ်။ကိုယ့်မှာ အကျိုးမရှိဘူး၊ သူတစ်ပါးမှာ အကျိုးရှိတယ်ဆိုရင် တခါတလေ လုပ်တယ်။ကိုယ့်အတွက် အကျိုးရှိတယ်၊ သူတစ်ပါးကိုတော့ ထိခိုက်တယ်ဆိုရင်တော့ မလုပ်ဘူး။ကိုယ့်ကိုလည်း ထိခိုက်တယ်၊ သူတစ်ပါးကိုလည်း ထိခိုက်တယ်ဆိုရင်တော့ လုံးဝ မလုပ်ဘူး။ (အမှိုက်ပစ်တာ၊ တံတွေးထွေးတာကအစ ဆင်ခြေပါ။)သူများ အကူအညီ များများ ယူတဲ့သူဟာ အရည်အချင်း မထွက်တော့ဘူး။ လွတ်လပ်တဲ့သူဟာ သဘာဝ အကြောင်းအကျိုးကို လေးစားတယ်။ သဘာဝ မကျတဲ့ အယူအဆ တစ်ခုကို ယုံမိရင် နောက်ထပ် သဘာဝ မကျတာတွေကို ယုံဖို့ လမ်း ဖွင့်လိုက်သလို ဖြစ်သွားတယ်။ အမှားတစ်ခုက နေရာယူပြီး လမ်းပိတ် ထားလိုက်ရင် အမှန်က နေရာ မရတော့ဘူး။
တာဝန်သိမှုဟာ လွတ်လပ်မှုအတွက် မရှိမဖြစ်တဲ့ အရာဖြစ်တယ်။ တာဝန်မသိတဲ့သူ၊ တာဝန်မဲ့ လုပ်တဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်တဲ့သူ ဖြစ်တယ်။ လွတ်လပ်မှု ဆိုတာ သတိရှိတဲ့သူ၊ ဥာဏ်ရှိတဲ့သူ အတွက်ဘဲ။ သတိမရှိတဲ့သူ၊ ဥာဏ်မရှိတဲ့သူဟာ မလွတ်လပ်တဲ့ ဘ၀မှာ နေရမယ်။ လွတ်လပ်တဲ့ စိတ်ကို သိမှ လူသားရဲ့  မြင့်မြတ်မှုကို သိမယ်။ လွတ်လပ်မှု၊ ရိုးသားမှု မရှိဘဲ စစ်မှန်တဲ့ ဂုဏ်သိက္ခာဆိုတာ မရှိပါဘူး။ လွတ်လပ်ရင် စိတ်ချမ်းသာမယ်၊ တရားမျှတရင် ဂုဏ်သိက္ခာ ရှိမယ်။
လွတ်လွတ်လပ်လပ် လွှတ်ထားပြီး မွေးတဲ့ခွေးတောင် ပိုပြီး ပျော်ရွှင်တဲ့ အမူအရာ ရှိတယ်။ ပိုပြီး ကျန်းမာတယ်။ လှောင်အိမ်ထဲမှာ လှောင်ထားပြီး မွေးတဲ့ ခွေးဟာ မပျော်ဘူး၊ ကျန်းမာရေးလည်း မကောင်းဘူး။ လွတ်လွတ်လပ်လပ် ကစားခွင့်ရတဲ့ ကလေးဟာ ကျန်းမာတယ်။ ပျော်တယ်။ ဥာဏ်လည်း ပိုကောင်းတယ်။ ဘာမှ လုပ်ခွင့်မရတဲ့ ကလေးဟာ ထိုင်းမှိုင်းနေတယ်၊ မပျော်ဘူး၊ ကျန်းမာရေးလည်း မကောင်းဘူး။ လွတ်လွတ်လပ်လပ် စာဖတ်ခွင့်ရတဲ့ လူငယ်တစ်ယောက်ဟာ သူ သိချင်တာတွေကို ရှာဖတ်နေရရင် သိပ်ပျော်တယ်။ ဒီစာမဖတ်ရဘူး၊ ဟို စာ မဖတ်ရဘူးဆိုရင် ချုပ်ချယ်ရင် စိတ်ဆင်းရဲတယ်။ လူတွေ မသိအောင် ခိုး ဖတ်မယ်။
လွတ်လွတ်လပ်လပ် သွားခွင့်၊ လေ့လာခွင့် ရရင်လည်း ပျော်တယ်၊ ပညာတိုးတယ်။ ဘုန်းကြီးငယ်ငယ်တုန်း ကဘုန်းကြီးတို့ မြို့ မှာ ဘုန်းကြီး မလျှောက်ဘူးတဲ့ လမ်း မရှိဘူး။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သိတယ်။ ဘယ်နေရာမှာ ဘာဆိုင်ရှိလဲဆိုတာ သိတယ်။ အကြောင်းရှိလာရင် သွားတယ်၊ လုပ်တတ်တယ်၊ ဒါကြောင့် ပျော်တယ်။ အဆင်ပြေတယ်။ လွတ်လပ်ရင် စိတ်ချမ်းသာတယ်၊ ပျော်တယ်၊ ပညာတိုးတယ်၊ အဆင်ပြေတယ်။ မလွတ်လပ်ရင် စိတ်ဆင်းရဲတယ်၊ မပျော်ဘူး၊ ပညာမတိုးဘူး။
မကောင်းတာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ တချို့ ကိစ္စတွေမှာ ကောင်းတယ်၊ မကောင်းဘူး ဆိုတာ မဆုံးဖြတ်နိုင်ရင် စမ်းကြည့်တဲ့ အနေနဲ့ လုပ်ရမယ်။ ကိုယ့်စိတ်က တကယ် လွတ်လပ်တဲ့အခါ၊ ကိုယ့် အသိဥာဏ်က တကယ် လွတ်လပ်တဲ့အခါ ပိုပြီး လေးနက်တဲ့ ပျော်နည်းနဲ့ ပျော် တတ်လာမယ်။
ပညာရှာတာမှာ လွတ်လပ်မှု ရှိရင် ပိုပြီး တိုးတက်မယ်။ ပိုပြီး အဆင်ပြေမယ်။ စီးပွားရှာရာမှာ လွတ်လပ်မှု ရှိပြီး မျှတမှုလည်း ရှိရင် ပိုတိုးတက်မယ်၊ ပိုပြီး အဆင်ပြေမယ်။ တရားမျှတမှု မရှိရင် ဂုဏ်သိက္ခာ မရှိဘူး။ လူ့ သဘာဝမှာ ဟိရိ သြတ္တပ္ပဆိုတဲ့ ရှက်တတ်၊ ကြောက်တတ်တဲ့ စိတ်ဟာ ရှိပါတယ်။ မွေးရာပါ စိတ် ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ မွေးရာပါ စိတ်ကို ပိုပြီး အားကောင်းလာအောင် လေ့ကျင့်ပေးဖို့တော့ လိုတယ်။ မကောင်းတာ၊ မမှန်တာ၊ မရိုးသားတာကို လုပ်ရမှာ ရှက်တဲ့စိတ်၊ ကြောက်တဲ့စိတ်ကို လေ့ကျင့်ပြုစု ပေးရမယ်။
မတရားတာ၊ မမျှတတာကို လုပ်တဲ့သူဟာ သိလျှက်နဲ့ လုပ်ကြတာ များပါတယ်။ လောဘ အားကြီးလွန်းရင် မတရားတာကို လုပ်တယ်။ လုပ်တဲ့သူက သိသလို ဘေးလူတွေကလည်း သိပါတယ်။ ဒီလူ့လောကကြီးမှာ တရားတယ်၊ မတရားဘူး ဆိုတာကို သိဖို့ အလွန်ကြီး မခက်ပါဘူး။ ကလေးတွေတောင် သိသင့်သလောက်တော့ သိပါတယ်။ မတရားတာကို လုပ်တဲ့သူဟာ သူ့ကိုသူ လေးစားမှု လျော့တယ်။ မလွဲသာ၊ မရှောင်သာလို့ လုပ်ရတာပါလို့ ဆင်ခြေပေမဲ့ စိတ်ကြည်ကြည်လင်လင်နဲ့ မတရားတာကို လုပ်လို့ မရဘူး။ သူ့စိတ်ကို သူ လှည့်စားပြီး လုပ်နေရတယ်။ အဲဒါကိုက ဂုဏ်သိက္ခာ ကျနေတာဘဲ။ သူ့အမြင်မှာဘဲ သူ့ကိုယ်ကိုသူ သိက္ခာ မရှိတဲ့သူ အဖြစ် ခံစားနေရပါတယ်။ “ငါ မတရားတာကို လုပ်နေတယ်” ဆိုတာ သူသိပါတယ်။ “ငါ မတရားတာကို လုပ်နေတာ ဆိုတာ လူတွေသိတယ်၊ ငါ့ကို လူတွေ တကယ် မလေးစားဘူး၊ လေးစားဟန်ဆောင်နေတယ်” ဆိုတာကို သူ သိနေပါတယ်။ ဒါကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါ ဒေါနဲ့ မောနဲ့ မာန်နဲ့ ဆက်ဆံတတ်တယ်။ ဒေါသ ပိုကြီးတယ်၊ သူ့စိတ်မှာ လွတ်လပ်မှု၊ အေးချမ်းမှု မရှိဘူး။
ဒါကြောင့် တရားမျှတမှု မရှိတဲ့သူရဲ့  စိတ်ဟာ လွတ်လပ်မှု၊ အေးချမ်းမှုလည်း မရှိဘူး လို့ ဆိုနိုင်တယ်။ Peace of mind လည်း မရှိဘူး။ Inner Freedom လည်း မရှိဘူး။ Guilt ရှိမယ်။ အပြစ်ရှိတဲ့သူ ဆိုတဲ့ ခံစားမှု ရှိမယ်။ Guilt ရှိရင် Inner Freedom မရှိဘူး။ Inner Freedom ကို လိုချင်ရင် Guilt ဖြစ်မဲ့ ကိစ္စ တွေကို အတတ်နိုင်ဆုံး ရှောင်ရမယ်၊ မတရားတာကို မလုပ်ရဘူး။ မတရားမှန်း၊ မမျှတမှန်း သိလျှက်နဲ့ လုပ်ခဲ့တဲ့ ကိစ္စတစ်ခုကို ပြန်စဉ်းစားကြည့်လိုက်ပါ။ စိတ်ထဲမှာ ဘယ်လို ခံစားရသလဲ။ မစဉ်းစားချင်ဘူး၊ စိတ်ကို မြန်မြန် အာရုံပြောင်း လိုက်ချင်တယ်။ သို့မဟုတ်ရင် တရားပါတယ်လို့ ကိုယ့်ကိုကိုယ် အကြောင်း အမျိုးမျိုး ပြပြီး ဖြေရှင်းချက် ပေးချင်တယ်။ ဖြေရှင်းချက် ခဏခဏ ပေးနေရင် ဘယ်လို အဓိပ္ပာယ် ကောက်မလဲ။ မတရားလို့ပဲ။ တကယ့် တရားတာကို စေတနာ ကောင်းနဲ့ လုပ်ခဲ့ရင် ကိုယ့်စိတ်မှာ ဘာ ဖြေရှင်းချက်မှ ပေးနေစရာ မလိုတော့ဘူး။ စိတ်အေးချမ်းနေမယ်။ ပြန်တွေးတိုင်း စိတ်ချမ်းသာနေမယ်။
မတရား မမျှတတွေကို လုပ်တဲ့သူတွေ များနေရင် တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်းဖြစ်နေမယ်။ တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်မှု ရှိတဲ့ အသိုင်းအ၀ိုင်း ဖြစ်တယ်လို့ ဘယ်လို ပြောနိုင်မလဲ။ မတရားတာ လုပ်တဲ့သူ ရှိရင် ခံရတဲ့ သူ ရှိတယ်။ ခံရတဲ့ သူဟာ လုပ်တဲ့သူကို လေးစားမှာ မဟုတ်ဘူး။ တစ်ဦးကို တစ်ဦး မလေးစားနိုင်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ တရားမျှတမှု မရှိ၊ ဂုဏ်သိက္ခာလည်း မရှိတဲ့ အသိုင်းအ၀ိုင်းမှာ နေရတဲ့ သူဟာ စိတ်ချမ်းသာမှု ဘယ်လို လုပ်ရနိုင်တော့မလဲ။ လူ့ တချို့  မတရားတာကို လွတ်လွတ် လပ်လပ် လုပ်ခွင့်ရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်တဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ မလွတ်လပ်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာ ရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။
တရားမျှတမှု၊ လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာ ဒီသုံးပါးဟာ ဆက်စပ်နေပါတယ်။ တန်ဖိုးထားစရာကောင်းတဲ့ (Human Values) သုံးပါး မရှိရင် အဆင့်မြင့်တဲ့ လူ့ အသိုင်းအ၀ိုင်း မဖြစ်သေးဘူး။ ဒါပေမဲ့ တရားမျှတတာဟာ ဂုဏ်သိက္ခာရှိချင်လို့ လုပ်ရတဲ့ ကိစ္စ မဟုတ်ပါဘူး။ တရားမျှတတယ် ဆိုတာဟာ လူတိုင်းရဲ့  ၀တ္တရားဖြစ်ပါတယ်။ မတရားရင် ၀တ္တရား ပျက်ကွယ်တယ်။ မတရားတာကို လုပ်နေတဲ့သူဟာ လူ့ကျင့်ဝတ်၊ လူ့ဝတ္တရား ပျက်ကွက်တဲ့သူ ဖြစ်တယ်။ သူဟာ ဂုဏ်သိက္ခာ မရှိတဲ့သူ ဖြစ်တယ်။ မတရားတာ၊ မမျှတတာကို လက်မခံသင့်ဘူး။ မတရားတာ၊ မမျှတတာကို လက်ခံရင် အားပေးရာ ရောက်တယ်။ မတရားတာကို မြင်ရ ကြားရရင် “မတရားဘူး” လို့ ကိုယ့်ကိုယ်ကို အရင် ပြတ်ပြတ်သားသား ပြောပါ။ နောက် ကိုယ့်မိတ်ဆွေ တစ်ယောက်ယောက်ကို ပြောပါ။

Monday, April 13, 2009

သူမ သို့မဟုတ် အဖြူရောင် အပိုင်း(၁)

ထွက်မသွားပါနဲ့လို့ သူမကိုမတားခဲ့ရင်ကောင်းမှာပဲဆိုတာ အခုတော့ ကျနော် နောင်တရနေပြီ။ တားခဲ့မိတော့တာတောင်မှ နောက်ဆုံးအချိန်ထိ ဘာမှဖွင့်မပြောခဲ့မိရင်လည်း အကောင်းသား။ ကျနော့ရဲ့စိတ်တွေ လေဟာနယ်ထဲမှာ လွင့်မျောနေသည့်အလား ဆုတ်ကိုင်ရာမရဖြစ်နေခြင်း။ နေမင်းနားမှာ လှည့်ပတ်နေတဲ့ ဂြိုလ်ငယ်လို နှလုံးသားတွေ ပူလောင်ပြင်းပြနေခြင်း။ ပူလောင်ခါးသီးစွာနဲ့ အရည်ပျော်သွားရင်တောင်မှ ကောင်းဦးမယ်ဆိုတာ တွေးနေမိတယ်။
ရည်းစားထားမိတိုင်း၊ တဦးတယောက်ကို အရမ်းချစ်မိတိုင်း ငါအသဲကွဲနေရတာဟာ ဘုရားသခင်က ပစ်ချက်ပေးထားတာများလား၊ တကယ်တော့ ကိုယ်ကိုကိုယ်တိုင်က အသုံးမကျသလို ကိုယ်ကိုကိုယ်တိုင်ကိုက အ. လွန်းတာပါလို့အပြစ်တင်ရမှာလား။ ပူလောင်စေမဲ့အနမ်းတွေကို အေးချမ်းလှတယ်လို့ထင်နေခဲ့တာ၊ တောင်းတနေခဲ့တာ၊ မက်မောနေခဲ့တာ။ ဒီအတွက် ကျနော့်မှာ ပိုပြီးပိုပြီးခံစားရတယ်။ပိုပြီးပိုပြီးနာကျင်ရတယ်။
ဘယ်လိုမှဖြတ်လို့မရနိုင်တဲ့ သံယောဇဉ်နဲ့ ချစ်လာခဲ့မိတဲ့သူမကို ကျနော်ဘယ်လိုပဲကြိုးစားပြီးမေ့မေ့ မေ့လို့ရမှာမဟုတ်တော့ဘူး။
(တစ်)

အတိတ်တွေ အရိပ်လိုထိုးကျနေတဲ့ မြေပြင်မှာ ကျွန်တော်လမ်းလျှောက်နေခဲ့တယ်။ ဟိုးအဝေးဆီက ရထားသံ မကွဲမပြားကြားလိုက်မိတယ်။ သူမပြန်ရင်စီးနေကြရထားဆိုတာ စိတ်ကအလိုလိုသိနေခဲ့တယ်။ ခပ်မှိုင်းမှိုင်းမြေပြင်ကို နင်းဖြတ်ရင်း ဘယ်ဆီဘယ်ဝယ်မရည်ရွယ်ဘဲ တစ်နေရာဆီကို ငေးရီနေမိတယ်။ ကျွန်တော့်မြင်ကွင်းထဲ အဖြူရောင်သို့မဟုတ်အနီရောင်အိတ်ကိုဘယ်ဖက်ပုခုံးထက်မှာအမြဲတမ်းလွယ်တတ်တဲ့သူမရဲ့ပုံရိပ်ကလေးတိုးဝင်လာခဲ့တယ်။ အတိတ်တွေ.. တခါတရံ နှစ်ယောက်သားအတူတူလျှောက်သွားခဲ့ဖူးတဲ့ လမ်းမပေါ်မှာ တစ္ဆေတစ်ကောင်လိုကျနော့ရှေ့ရုတ်ခနဲရောက်လာတယ်။ ရောင်ရမ်းပြီး မျက်စေ့စုံမှိတ်ထားလိုက်မိတယ်၊ ကျနော့အတွက် အတိတ်ဆိုတာ ပစ္စုပ္ပန်မှာကပ်နေတဲ့ အရိပ်တစ်ခုလိုပဲ အမြဲတတွဲတွဲနဲ့။ လေပူတစ်ချက်မှုတ်ထုတ်ရင်း မောဟိုက်နေတဲ့ ရင်ခွင်ကို လျှော့ချကြည့်ပေမယ့် စီးပိုးထားတဲ့ အတိတ်ရဲ့ အရိပ်က ကျနော့ပုခုံးထက်မှာ လေးတွဲ့စွာခိုမှီနေခဲ့တယ်။ နုန်းချိနေတဲ့ ခံစားချက်တွေ ကျနော့ဆီ တစ်ပွေ့တစ်ပိုက်။
အဲဒီနေ့တွေပေါ့။ ကျနော့ဆီကို ရောက်လာဦးမယ့် အဲဒီနေ့တွေ။ မရှိတော့ရင် သိပ်ကောင်းမှာပဲ ဆိုတဲ့ ကလေးဆန်ဆန် ဆုတောင်းကိုလည်း ဘုရားအဆူဆူတို့ မသိကြားခဲ့ပါဘူးထင်ပါရဲ့။ ဒီနေ့တွေက ကျနော့ဆီကို တနင့်တပိုး ရောက်လာဦးမယ်။ ကျနော့နှလုံးသားကို ဆွဲရမ်းလှုပ်ခတ်ဦးမယ်။ နောက်တော့ကျနော်ကို အလဲထိုး မြေပြင်မှာ ခွေလှဲချန်ရစ်ခဲ့စေဦးမယ်။ ဒီရက်တွေအတွက် တားဆီးနိုင်စွမ်းကျနော့မှာမရှိ။ ပိတ်ပင်နိုင်စွမ်း ကျနော့မှာမရှိ။ ပြောင်းလဲနိုင်စွမ်း ကျနော့မှာမရှိ။ ရင်ဆိုင်ခြင်းလမ်းကလွဲရင် ကျနော့မှာ နတ္ထိ။ ရင်ဆိုင်မလား ထွက်ပြေးမလားဆိုတဲ့ မေးခွန်းအတွက် ထွေးပြေးစရာ ထွက်ပေါက်ဆိုတာ ရှင်သန်ခြင်းကမ်းပါးအလွန်ဆီမှာ။
(နှစ်)

ထိုနေ့။ ကောင်းကင်ကတောက်ပနေတဲ့ကြယ်လေးတွေက အနက်ရောင်ကတ္တီပါပေါ် ကြဲဖြန့်ထားတဲ့ ရွှေမှုံပွင့်လေးများလို စွန်းပေနေခဲ့တယ်။ နောက်ဘက်ထောင့်ချိုးဆီမှာတော့ မေးတင်နေတဲ့ လမင်းက၀န်းဝင်းဖြိုးမောက်နေခဲ့တယ်။ တောင်အရပ်ဆီက လေပြေတွေ တသုန်သုန်ခြွေချနေခဲ့တယ်။ ကျနော်ရယ်.. သူမရဲ့အိတ်ကိုယူလွယ်ပြီးတော့ ရိုးစင်းတိတ်ဆိတ်စွာသူမဘေးကယှဉ်ပြီးလျှောက်နေခဲ့တယ်။ သူမရဲ့ ဆံနွယ်ခက်တွေ လေအဝေ့မှာ လှုပ်ခတ်သွားတော့ လေနတ်သားကြည်စယ်နေတာကို ကျွန်တော့်စိတ်ထဲ ကြိတ်ပြီးအူတိုနေခဲ့မိတယ်။ ကျွန်တော်နှင့်သူမ တိတ်ဆိတ်တဲ့ အသံတွေနားထောင်ကြည့်ရင်း ရင်ခုန်သံတွေနဲ့ ဖက်တွယ်ထားမိကြတယ်။ လေအေးလေးနဲ့အတူ သီချင်းသံသဲ့သဲ့ ရောပါလာတယ်။ ကျနော်ပြုံးမိတယ်။ “လူကိုကြည့်ပြီးဘာရယ်တာလဲ” လို့ ချစ်စရာကောင်းလှအောင်မဲ့ရွှဲ့ပြီး ရန်လုပ်တဲ့အမှုအရာနဲ့ သူမအမေးကိုတော့ ကျနော် မဖြေဖြစ်ခဲ့ပါ။ ရထားလာဖို့အချိန်လိုသေးတော့ ခဏထိုင်ဖို့ပြောတော့ သူမခေါင်းညိတ်တယ်။ အုတ်ခုံလေးပေါ်ဖုံခါပေးပြီးသူမနဲ့အတူထိုင်ဖြစ်ခဲ့ကြတယ်။ ရယ်စရာစကားတွေ ပြောတော့ လက်ခနဲ ပြုံးပြီးကျနော့ကိုကြည့်တယ်။ နောက်တော့ ကျွန်တော်ရယ်သူမရယ် ဇန္န၀ါရီလရဲ့ ညတညရယ်..ဆိုတဲ့ စကားလုံးလေးပေါ် ရင်ခုန်သံတွေကို စကားလုံးလေးတွေအဖြစ် ကြဲပက်လိုက်ကြတယ်။
သူမဆိုတဲ့ သူမဟာ ကျွန်တော့်ရဲ့ နတ်မိမယ်လေးတစ်ပါးပေါ့။ တစ်ခါတစ်ခါမှာ ကျွန်တော်က ကလေးလေးလို့ ခေါ်ရလောက်အောင် သူမ ကျနော့အပေါ်မှာ နွဲ့ဆိုးဆိုးတတ်သလို ကျနော့အပေါ် ကောင်းစေချင်လို့ ပြင်စေ့ချင်တာလေးတွေ ပြောပြတဲ့အချိန် “ချစ်ဖြူ” လို့ ကျနော်ခေါ်တဲ့အခါ သွားတက်ကလေးပေါ်အောင် မျက်စောင်းထိုးမဲ့ပြတတ်တဲ့ ချစ်စရာကောင်းသူလေးပေါ့။ ဆောင်းညနေခင်းတစ်ခုမှာ ကဗျာအိုလေးတစ်ပုဒ်ဖတ်ရွတ်သလိုပဲ နူးညံ့သိမ်မွေ့စွာ ကျနော်သူမအပေါ် ချစ်နေမိတယ်။ သူမအပြုံးလေးတစ်ပွင့် ကျနော့ထံ လက်ခနဲဖြတ်ပြေးသွားရင် ကျွန်တော့်နှလုံးသားထက် ရေခဲမြစ်တစ်စင်း ဖြတ်စီးသွားသလို အေးခနဲ လှိုက်ခနဲ။ ကျနော်ဆိုတဲ့ကောင် သူမမျက်နှာထက်က အလင်္ကာစတွေကြောင့် မိုးအကြိမ်ကြိမ်လင်းခဲ့တယ်။ ဘယ်တော့မှ ဘယ်လိုအကြောင်းမျိုးနဲ့မှ ဝေးမသွားနိုင် ခွဲမသွားနိုင်ဆိုတဲ့ အတွေးတွေနဲ့အတူ တစ်ယောက်ကိုတစ်ယောက် ယှက်နွယ်ထားတဲ့စိတ်ကူးတွေနဲ့ ကျနော်နဲ့သူမတို့ရဲ့ ရင်ခုန်သံ နိဒါန်းဦးဟာ ဆွတ်ပျံ့ဖို့ကောင်းနေခဲ့တယ်။
ဝင်းစိုအိနေတဲ့ညနေရဲ့ အခိုက်အတန့်လေးက နှလုံးသားခံစားချက်ထက်သံယောဇဉ်ကို ရှေ့တန်းတင်တတ်လွန်းတဲ့ ကျနော်တို့နှစ်ယောက်ရဲ့ စိတ်တံခါးကို ခေါက်တယ်။ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့အတင်းအဖျင်းတွေရယ်မောစွာပြောခဲ့ကြရင်းနဲ့သံယောဇဉ်နှောင်ကြိုးတွေရစ်ဖွဲ့လာခဲ့ကြတယ်။ ရင်းနှီးမှုရဲ့ရသတွေကြားမှာ စိတ်ကူးယှဉ်ကြည်နူးမှုတို့ကိုတိုးဝှေ့ရှာဖွေချင်လာခဲ့တယ်။ အဖြူရောင်နှင်းပွင့်လေးတွေရဲ့ကြားမှာ လေအေးတွေနဲ့ဆန့်ကျင်စွာပဲ ကျနော်နဲ့သူမရဲ့အတွေးတွေ နွေးထွေးနေခဲ့တယ်။ စိတ်ဆိုတဲ့အရာက ဆင်ရိုင်းတစ်ကောင်ကို ချွန်းဖွင့်လွှတ်လိုက်သလိုပါပဲ။ အိပ်မက်တွေ စီချယ်တဲ့ ညနေခင်းတွေတစ်ခုပြီးတစ်ခုလွန်မြောက်သွားသော်လဲ သူမနဲ့ကျနော်တို့အကြားက အပြုံးတွေဟာ နုပျိုရှင်သန်နေဆဲ။ ဘာရယ်ကြောင့်တော့ မသိ သူမရဲ့လက်နွေးနွေးလေးကို ဖြစ်ညှစ်ပြီးဆုပ်ကိုင်ထားခဲ့မိလိုက်တယ်။ သေးသွယ်နွဲ့လျှတဲ့သူမရဲ့ခန္ဓာကိုယ်လေးကိုကျနော့ရဲ့ရင်ခွင်ထဲမှာ လုံခြုံစွာပွေ့ဖက်ထားမိတယ်။ နူးညံ့တဲ့သူ့ပါးပြင်ပေါ်ကို အနမ်းတွေဒလကြမ်းချွေမှာကိုတော့ သူမရှောင်ပြေးတယ်။ ပျော်ရွှင်မှုမဟုတ်တဲ့ ခံစားချက်တစ်ခု ဘယ်ဆီဘယ်ဝယ်က ထိုးထောင်ထွက်ပေါ်လာတယ် မသိပါဘူး။ ကျနော်ကိုယ်တိုင်လည်း အဲဒီခံစားချက်ကို မသိခဲ့ဘူး။
လှချင်တိုင်းလှတယ်ဆိုတဲ့စကားကို ဘယ်သူပြောခဲ့တယ်ဆိုတာ ကျနော်မသိခဲ့ပါဘူး။ ဒါပေမယ့် အဲဒီစကားလုံးလေးထက် ကျနော်ရဲ့သူမသိပ်လှနေခဲ့တယ်။ ပန်းကြိုက်တဲ့သူမဟာ ပန်းကလေးတွေလို လှနေတယ်။ တခါတလေသူအလစ်မှာ ပန်းလေးတပွင့်လို ဖွဖွလေးနမ်းတယ်။ ရင်ထဲရှိန်းမြပြီး လင်းသွားတယ်။ သူမရဲ့အလှတရားက မိုးဦးပန်းတစ်ပွင့်လို လတ်ဆတ်လွန်းနေတယ်။ သူမမကျေမနပ်ဖြစ်တဲ့ခါ ကျနော့လက်မောင်းသားတွေကိုအားကုန်ထုတယ်၊ ပြီးရင်“နာလား”လို့ချစ်စရာကောင်းအောင်မေးတတ်တယ်။ ကျနော်ကပြုံးပြီးဆွဲဖက်ထားရင် ကလေးလေးတယောက်လိုအော်တယ်။ သူမရဲ့ကိုယ်သင်းရနံ့လေးဟာ နှာခေါင်းမှတဆင့်ကျနော့ရင်ဘတ်ထဲ စီးမျောပျော်ဝင်လာတယ်။ ပီတိတွေနဲ့ ရင်တစ်ခုလုံး ပြည့်နေခဲ့တယ်။
(သုံး)
ကြမ္မာဆိုးရဲ့ သားရဲတွင်းဝဆီ ကျနော်လျှောက်လှမ်းနေတယ်ဆိုတာကို ကိုယ်ကိုယ်တိုင်မသိပါ။ ခံစားချက်တွေနဲ့ ရုန်းကြွနေခဲ့တဲ့ နှလုံးသားတစ်စုံ ကြေကွဲခဲ့ရတဲ့ နေ့တစ်နေ့။ အလင်းတွေ ဘယ်ဆီဘယ်ဝယ်ရောက်လို့ ဆိတ်သုဉ်းသွားတယ် မသိတဲ့ နေ့တစ်နေ့။ ကျွန်တော့်အမြင်အာရုံတွေ ပိန်းပိတ်အောင် အမှောင်ကျသွားမယ့်နေ့က ဘယ်အချိန်ကတည်းက ကျနော့ထံပါးကို တရွေ့ရွေ့ ချဉ်းကပ်လာခဲ့တာလဲဆိုတာ လုံးဝမသိခဲ့။ ဖြစ်နိုင်ရင်အဲဒီနေ့တွေကို ပြက္ခဒိန်မှ ခြစ်ထုတ်ပစ်ချင်မိတယ်။ ကျွန်တော့်မှာ မသိခြင်းပေါင်းများစွာကို ခြွေချရင်း မငိုတတ်ပေမယ့် မျက်ရည်ကျခဲ့ရတယ်။ မမျှော်လင့်တဲ့ ဖြစ်ရပ်က ရိုက်နှက်ခဲ့လို့ ကွဲပြိုတဲ့ အိပ်မက်မှန်ကွဲစတွေ ကျနော့အချစ်ကံကြမ္မာလမ်းပေါ်မှာ ဖွေးခနဲ။ ကျနော့နှလုံးသားဟာလည်း သွေးအလိမ်းလိမ်းနဲ့ပေါ့။
မီးစထက်ပူတဲ့အရာတစ်ခု နားကနေတဆင့် ရင်ဘတ်ထဲကို စကားလုံးတွေနဲ့ ရိုက်သွင်းဝင်ရောက်လာခဲ့တယ်။ ဘယ်လိုမှ မထင်မှတ်သော မမျှော်လင့်သောစကားတစ်ခု။ ကျနော့နှလုံးသား ကြွေမွ၊ ကျနော့အတွေးတွေ ပျက်သုဉ်း၊ ကျနော့အသိစိတ်တွေ ဆောက်တည်မရ၊ ကျနော့မျက်ဝန်းအိမ်က တမံကျိုးကျ၊ အရာရာအားလုံး ဟာသက်မဲ့ ကျနော့အတွက်။
သူမ..
တလှမ်းချင်း ကျနော့ရှေ့မှထွက်ခွာစပြုနေပြီ။ တားဆီးဖို့ကျနော့မှာအင်အားမရှိ၊ တောင်းခံဖို့လည်းစကားလုံးရှာမရ။ တဖြေးဖြေးနဲ့ဝေးကွာရတော့မဲ့သူမကျောပြင်ကိုသာငေးကြည့်နေရင်း နာကျင်နေတဲ့ရင်ထဲကဝေဒနာတွေကိုသာ သက်ပြင်းနဲ့အတူမျှောချနေရတယ်။
ခိုင်မာစွာငြိတွယ်နေတဲ့သံယောဇဉ်ကြိုးမျှင်တွေကို အမြစ်အုံလိုက်ဆွဲထုတ်နေသလို ကျနော့နှလုံးသားမှာခံစားနေရတယ်။ ဘယ်တော့မှ ဆွဲနှုတ်လို့ ရမှာမဟုတ်။ သူမနဲ့ပတ်သက်တဲ့အရာအားလုံးဟာ ဒီနေရာမှာကျနော်နဲ့အတူကျန်နေမှာပါ။ စီးနေကြအပြာရောင်ရထားဟာလဲ ပြေးနေကြပြေးနေမှာပဲ၊ လမ်းဘေးကအုတ်ခုံဟာလဲ ထိုင်သူမရှိလဲ ဒီအတိုင်းစောင့်နေမှာပဲ။သူမရဲ့ခြေရာတွေ၊ သူမရဲ့အမူအရာတွေဟာလဲအခန်းထဲမှာ ပြန့်ကျဲနေဦးမှာပဲ၊ သူမရဲ့ရနံ့လေးတွေ ရှူရှိက်လိုက်မိတိုင်း ကျနော့နှလုံးသားနာကျင်နေဦးမှာပါပဲ။ သူမချီပွေ့ပြီး ကျနော့ဆီခေါ်ခေါ်လာတဲ့ကလေးလေးတွေကို မြင်တိုင်း ကျနော်မျက်ရည်ဝဲရဦးမယ်ဆိုတာလဲ ကျနော်သိနေဆဲပါပဲ။ အော်...“ချစ်ဖြူ”တစ်ယောက် ဘ၀တလျှောက်လုံးပျော်ရွှင်နိုင်ပါစေ။ နေ၀င်တာစောပေမဲ့အချိန်တွေဟာကြာလိုက်တာ။
ရာဇာ
ဖေါက်ပြန်ရေးဝါဒီတွေကိုတားဆီးကြပါစို့

တော်လှန်ရေးတရပ်ဟာ အကျဉ်းအကြပ်ထဲရောက်နေချိန်မျိုး၊ တိုက်ပွဲ အီနေချိန်မျိုးမှာ ရပ်တည်ချက်မခိုင်မာသူတွေ၊ ရဲဘော်ရဲဘက်စိတ်ကင်းမဲ့သူတွေ၊ ယုံကြည်ချက်ကို ရောင်းစားလိုသူ တွေဟာ ကိုယ်တိုင် ဆန့်ကျင်ခဲ့တဲ့ ရန်သူထံမှာ ဒူးထောက်အညံ့ခံကြတာချည်းဖြစ်တယ် ဆိုတာကို လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေ၊ဒီမိုကရေစီအင်အားစုတွေထဲမှာ ထင်ရှားစွာမြင်တွေ့ ရပါတယ်။

မြန်မာပြည်ရဲ့  ခေတ်၊စံနစ် တိုင်းမှာ ဖောက်ပြန်ရေးသမားတွေ၊အသားထဲကလောက်တွေ၊သစ္စာဖောက်တွေဟာ မြောက်များစွာပေါ်ထွက်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ သူတို့ အားလုံးဟာ ပုတ်ပွနံစော်နေတဲ့ သမိုင်းရဲ့ အမှိုက် သရိုက်တွေ အဖြစ်နဲ့ ပဲ နိဂုံးချုပ်ခဲ့ရပါတယ်။ တော်လှန်ရေးတရပ်ဟာ အကျဉ်းအကြပ်ထဲရောက်နေချိန်မျိုး၊ တိုက်ပွဲ အီနေချိန်မျိုးမှာ ရပ်တည်ချက်မခိုင်မာသူတွေ၊ ရဲဘော်ရဲဘက်စိတ်ကင်းမဲ့သူတွေ၊ ယုံကြည်ချက်ကို ရောင်းစားလိုသူ တွေဟာ ကိုယ်တိုင် ဆန့်ကျင်ခဲ့တဲ့ ရန်သူထံမှာ ဒူးထောက်အညံ့ခံကြတာချည်းဖြစ်တယ် ဆိုတာကို လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေ၊ဒီမိုကရေစီအင်အားစုတွေထဲမှာ ထင်ရှားစွာမြင်တွေ့ ရပါတယ်။အထင်ရှားဆုံးသက်သေသာဓကတခုအနေနဲ့  ၂ဝဝ၉ခုနှစ်၊ဧပြီလ ပထမပတ်အတွင်းမှာ ရန်ကုန်မြို့  စီးတီးစတား ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နအဖအပေါ်ချမှတ်ထားတဲ့ ကုန်သွယ်ရေးဒဏ်ခတ်ပိတ်ဆို့ မှုတွေကို ရုတ်သိမ်းပေးဖို့  သတင်းစာရှင်းလင်းပွဲကို လှည်းတန်းကိုကိုလတ်နဲ့  ကနေဒါနိုင်ငံမှ ပြန်သွားတဲ့ ရောင်နီဦးတို့ ပြုလုပ်ခဲ့ပါတယ်။ သေချာ တာကတော့  ဒီလိုမျိုးသူတို့ လုပ်တာဟာ နအဖကောင်းစားရေးနဲ့  သူတို့ အခွင့်အရေးအတွက် လော်ဘီ(Lobby) လုပ်တာပဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ အနောက်နိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေ ကုန်သွယ်ရေးဒဏ်ခတ်မှုမလုပ်ခင် ကတည်းက ဆင်းရဲတွင်းနက်နေတယ်ဆိုတာ ကိုကိုလတ်နဲ့ ရောင်နီဦးတို့ သိလို့  ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ကြီးမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီမိုကရေစီအရေးအတွက် ပေးဆပ်ခဲ့တဲ့ ရဲဘော်တွေ၊ ပေးဆပ်နေဆဲ ရဲဘော်တွေရဲ့  မျက်နှာကိုမှ မထောက်ပဲ ဖောက်ပြန်စွာနဲ့  နအဖအတွက် ရှေ့ နေလိုက်ပေးနေတဲ့ ကိုကိုလတ်ရဲ့ နောက်ကြောင်း၊ ရောင်နီဦးရဲ့  နောက်ကြောင်းတို့ ကို အောက်ပါအတိုင်းတွေ့ မြင်နိုင်ပါတယ်။၁၉၈၈ခုနှစ် မတ်လ တံတားနီလှုပ်ရှားမှုပြီးတဲ့နောက်ပိုင်းမှာ ကိုကိုလတ်ဟာ ရှေ့ နေဦးနေမင်းနဲ့ ပက်သက်ပြီးရခဲ့တဲ့ အဆက်အသွယ်ဖြစ်တဲ့ ဘီဘီစီသတင်းထောက် ခရစ်တိုဖါဂါးနက်နဲ့  ကျောင်းသား၊ကျောင်းသူတချို့  လျှို့ ဝှက်အင်တာ ဗြူးလုပ်ရာမှာပါဝင်သူတဦးဖြစ်ပါတယ်။ ရှစ်လေးလုံးကာလမှာ ကိုမင်းဇေယျာ ဦးဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကော်မီတီ (မကဒ)မှာ ပါဝင်ခဲ့ပါတယ်။ ၁၉၈၈ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့ မှာ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ကိုကိုလတ်ဟာ ထိုင်း-မြန်မာနယ်စပ် သေဘောဘိုးစခန်းသို့  တောခိုခဲ့ပါတယ်။ နယ်စပ်မှာ ဖင်ပူအောင်တောင် မနေခဲ့ပဲ အစောဆုံး အလင်းပြန်ဝင်ခဲ့သူတဦးဖြစ်ပြီး ရန်ကုန်ရောက် တော့ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့် တို့ အစီအစဉ်နဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီသတင်းစာရှင်းလင်း ပွဲမှာ ကိုကိုလတ် မှဦးဆောင်ပြီး ကေအန်ယူမကောင်းကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဒီနောက်မှာ ထောက်လှမ်းရေးရဲ့ ပေး စာကမ်းစာတွေနဲ့  ကုမ္ပဏီပါမစ်တွေရခဲ့ပါတယ်။ ၁၉၈၉ခုနှစ် နေဝင်မီးငြိမ်း မာရှယ်လောအမိန့် ထုတ်ထားတဲ့ ကာလမျိုး မှာတောင် ကိုကိုလတ်ဟာ စစ်တပ်ထဲမှာသောက်စားမူးယစ်ပြီး တပ်ရင်းမှူးစီးတဲ့ (Nissan Patrol) ကား နဲ့  သူ့  ကို ညအချိန်အိမ်ပြန်လိုက်ပို့ ပေးလေ့ရှိတာကို လှည်းတန်းဝန်းကျင်မှ ကျောင်းသားတွေ မြင်တွေ့ လေ့ရှိပါတယ်။ နောက် ပိုင်းမှာတော့ သူဟာ ရန်ကုန်မှာရှိတဲ့ ကျောင်းသားအင်အားစု တွေနဲ့  တစထက်တစ ကင်းကွာသွားခဲ့ပါတယ်။ရောင်နီဦးဟာ အေးလွင် ရဲ့  ကျောင်းသားများဒီမိုကရေစီအရေးတော်ပုံပါတီမှာ ပါဝင်ခဲ့ဘူးသူတဦးဖြစ်ပြီး ၁၉၉ဝခုနှစ် နောက်ပိုင်းမှာ ၄င်းရဲ့ အကို ငြိမ်းချမ်းဦး (ဒုတိယအကြိမ်ပြန်ထွက်လာသူ) အဆက်အသွယ်နဲ့  မွန်ပြည်နယ်မှ တဆင့် ဘန်ကောက်ကို ရောက်လာခဲ့သူဖြစ်ပါတယ်။ ၁၉၉၁ခုနှစ်မှာ တရားမဝင် ဝင်ရောက်မှုနဲ့  ဘန်ကောက်မှာ ထိုင်းရဲ ရဲ့ ဖမ်းဆီးခြင်းခံရပါတယ်။ အဲ့ဒီအချိန်က ထိုင်းနိုင်ငံ အာဏာသိမ်းစစ်အုပ်စုဖြစ်တဲ့ ဆူချင်ဒါးဦးဆောင်တဲ့ (National Peace Keeping Council) အစိုးရ ရဲ့  မြန်မာကျောင်းသားများ အပေါ် သဘောထားတင်းမာ နေချိန်ဖြစ်လို့  အဖမ်းခံရတဲ့ ကျောင်းသားတွေကို (လဝက) အချုပ်ကနေ ဘန်ကောက်မြို့ မှာရှိတဲ့ ဘန်ခင်ရဲသင်တန်းကျောင်းဝင်းထဲမှ အထူးထိမ်းသိမ်းရေးစခန်း (Special Detention Centre) မှာထားပါတယ်။ ဒီအထဲမှာ ရောင်နီဦးလည်း ပါခဲ့ပါတယ်။ ဇာတိပြလာတာ ကတော့ ရောင်နီဦးဟာ အထိမ်းသိမ်းခံနေရတဲ့ မည့်သည့်ကျောင်းသားကိုမှ အသိပေးမှု မရှိပဲ ကျောင်းသားတွေဟာ ကိုယ်တိုင်းပြည်ကို ပြန်ချင်လိုကြောင်း မလိမ့်တပတ်နဲ့ မြန်မာသံရုံးကို လျှို့ ဝှက်စာရေး ဆက်သွယ်ခဲ့ပါတယ်။ ဒါ့အပြင် ထိမ်းသိမ်းရေးစခန်းမှာ အစာငတ်ခံဆန္ဒပြနေချိန်မှာလည်း အစောဦးဆုံး သပိတ်လှန် သူတဦးဖြစ်ပြီး ဆန္ဒပြမှုကိုဦးချိုးခဲ့ပါတယ်။ သူဟာ ၁၉၉၂ခုနှစ် မတ်လမှာ ပြန်လည်လွတ်မြောက်လာပြီး မြန်မာပြည်မှာ အမျိုးသားညီလာခံကျင်းပမယ့် နိုင်ငံရေးရာသီဥတုဖြစ်နေချိန်မှာ မြန်မာနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ လေ့လာ ရေးအုပ်စုအမည်နဲ့  ဒညတ နဲ့  အက်ဖ်တီယူဘီ တို့ မှာ ငွေတောင်းခဲ့ပါသေးတယ်။ ၁၉၉၃ခုနှစ် ဇန်နဝါရီလမှာ ထိုင်း အစိုးရဟာ ဘန်ကောက်မြို့ မှာရှိနေတဲ့ မြန်မာကျောင်းသားတွေကို ရပ်ခ်ျဘူရီခရိုင်အတွင်းရှိ မနီလွိုင်စခန်းကို အတင်းအကျပ် ဝင်ခိုင်းခဲ့ပါတယ်UNHCR ကလည်း campမဝင်တဲ့ ကျောင်းသားတွေကို ထောက်ပံ့ကြေးငွေ ဖြတ်တောက်ခဲ့ချိန်မှာ ရောင်နီဦး ဟာ campဝင်ပြီး ကနေဒါနိုင်ငံ သွားဖို့  တတိယနိုင်ငံအစီအစဉ်ကို လျှောက်ခဲ့ပါ တယ်။ မနီလွိုင်စခန်း ရောက်တဲ့ အခါမှာလည်း စခန်းထဲမှာရှိတဲ့ ကျောင်းသားတွေကို လှုံဆော်ပြီး ထိုင်းအစိုးရကို ဆန္ဒပြခိုင်းခဲ့လို့ ခလေးသူငယ်တွေ၊မိသားစုတွေ၊အိုကြီးအိုမအရွယ်တွေအပါအဝင် လူပေါင်းများစွာ အဖမ်းအဆီးခံခဲ့ရပြီး ဘန်ကောက်မှာရှိတဲ့ အထူးထိမ်းသိမ်းရေးစခန်းမှာ လပေါင်းစွာ အချုပ်အနှောင်ခံခဲ့ရပါတယ်။ အဲ့ဒီဆန္ဒပြပွဲမှာရောင်နီဦး ဟာ “က” ခသိန စကားဝှက်နဲ့  လုပ်ကိုင်သွားတာဖြစ်ပါတယ်။ ဒီစကားဝှက်ဟာ သူလျောက်ထားပြီးဖြစ်တဲ့ ကနေဒါ နိုင်ငံ ကို အထူးထိမ်းသိမ်းရေး စခန်းထဲမှ တိုက်ရိုက်ထွက်ရအောင် အသုံးပြုခြင်းဖြစ်ပြီး လူများစွာကို အကျဉ်းစခန်းမှာ ပစ်စလတ်ခတ်ထားခဲ့မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ ကိုယ်လွှတ်ရုန်းပြေးမယ့် နည်းလမ်းဖြစ်ပါတယ်။ ကံမကောင်းချင်တော့ ရောင်နီဦးဟာ အထူးသိမ်းသိမ်းရေးစခန်းမှ တဆင့် မနီလွိုင်စခန်းကို ပြန်ပို့ ခြင်း ခံရပါတယ်။ စခန်းပြန်ရောက်တဲ့ အချိန်မှာ သူရဲ့  အောက်တန်းစားကျတဲ့ စိတ်ဓါတ်ကို မနှစ်သက်တဲ့ ကျောင်းသားတဦးက ထိုးကြိတ် ခဲ့ပြီး လူအများက ဝိုင်းဝန်းအားပေး ကြည့်ရှုခဲ့ပါတယ်။ ပြီးတော့ ကနေဒါနိုင်ငံကို ရောက်ရှိသွားပါတယ်။ ၂ဝဝ၁ခုနှစ် သြဂုတ်လမှာ အမေရိကန်နိုင်ငံ၊ အင်ဒီယာနာတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ ပထမအကြိမ်မြောက် နိုင်ငံတကာ မြန်မာ ကျောင်းသားများညီလာခံကို ကနေဒါနိုင်ငံအနေနဲ့ ရောင်နီဦး၊မြင့်ဆွေ၊မြတ်သာတို့ တက်ရောက်ခဲ့ပါတယ်။ ဒီညီလာခံမှာ မြင့်ဆွေက ကုန်သွယ်ရေးဒဏ်ခတ်မှုကိုကန့် ကွက်တဲ့ အဆိုကိုတင်သွင်းလာလို့  ကျောင်းသားအများစုနဲ့  အချေ အတင် ဖြစ်ခဲ့တဲ့ အပြင် ညီလာခံမှာ ဆွေးနွေးမယ့် အစီအစဉ်ထဲမှာ မပါခဲ့လို့  သူတို့ ရဲ့  အဆိုပြုချက်ဟာ မအောင်မြင်ခဲ့ပါဘူး။ ၂ဝဝ၃ခုနှစ် ဇူလိုင်လမှာ သြစတြေးလျှနိုင်ငံ၊ ဆစ်ဒနီမြို့ မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် နိုင်ငံတကာမြန်မာကျောင်းသား များညီလာခံ မတိုင်မှီကာလတုန်းမှာလည်း ရောင်နီဦးဟာ ဘာပြင်ဆင်မှုမှမရှိပဲ ကနေဒါနိုင်ငံမှာ ဒုတိယအကြိမ်ကျောင်း သားညီလာခံကို ပြုလုပ်ဖို့  ကြိုးစားလာပါသေးတယ်။ သူ့ ကို ဘယ်သူမှ ယုံကြည်မှုမရှိတဲ့အတွက် သူ့ ရဲ့ ကြိုးစားမှုဟာ မအောင်မြင်ခဲ့ပါဘူး။ ဆိုရရင် ရောင်နီဦး တို့ လို လူမျိုးတွေဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုထဲမှာ ဖျက်မျဉ်းသက်သက် လုပ်ရပ်တွေပဲ လုပ်လေ့ရှိပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေဖြစ်တဲ့ ဗကသ၊မကသ၊တပ်ပေါင်းစု (တပ်ဦးများအဖွဲ့ ချုပ်) နဲ့  မကဒတတွေနဲ့ လည်း ပါဝင်ပက်သက်ခြင်းမရှိပဲ ကျောင်းသားခေတ်ကောင်းရင် ကျောင်းသားအရေခြုံပြီး၊ ကျောင်း သားခေတ်မကောင်းရင် နအဖ အရေခြုံမယ့် သူမျိုးတွေဖြစ်ပါတယ်။ ဒီလို လူမျိုးတွေလို ရပ်တည်ချက်မမှန်သူတွေ၊ အရောင်ပြောင်းလွယ်လိုသူတွေရဲ့  ယခုကြိုးစားနေတဲ့ မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးဒဏ်ခတ်မှုကို ဆန့်ကျင်ကန့်  ကွက်တဲ့ လှုပ်ရှားမှုတွေဟာလည်း ရေပေါ်မှာ အရုပ်ရေးသလိုမျိုး ဖြစ်နေပါတယ်။ ဗိုလ်ခင်ညွန့် တို့ လက်ထက်ကလည်း အမေရိကန်နိုင်ငံ၊ဝါရှင်တန်မှာရှိတဲ့ (Lobby Company) တခုကိုငှားရမ်းပြီး ကုန်သွယ်ရေးဒဏ်ခတ်မှုရုတ်သိမ်းဖို့  ကြိုးစားခဲ့တာတွေ၊ ရှစ်လေးလုံးကာလမှာ ရှေ့ နေများကောင်စီမှာဦးဆောင်ခဲ့တဲ့ ဒေါ်မြင့်မြင့်ခင် (နောင် အင်န်အယ်ဒီ ဗဟိုကော်မတီဝင်ဟောင်း) ကို စစ်အုပ်စုက အမေရိကားလွှတ်ပြီး ကုန်သွယ်ရေးဒဏ်ခတ်မှုရုတ်သိမ်းဖို့  ကြိုးစားခိုင်းခဲ့ တာတွေဟာ အောင်မြင်မှုမရခဲ့တဲ့အပြင် ပိုပြီးတိုးလို့ တောင် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေကို ဥရောပ သမဂ္ဂနဲ့  သြစတြေးလျှနိုင်ငံတို့ ပါ လုပ်ကိုင်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့  နိုင်ငံရေးဖိနှိပ်မှုတွေ၊လူ့ အခွင့်အရေးချိုးဖောက်မှုတွေ ထူပြောနေသမျှ ဒဏ်ခတ်ပိတ်ဆို့ မှုတွေ၊ ဖိအားပေးမှုတွေဟာ ဆက်လက်ဖြစ်ထွန်းနေမှာပါ။ သိကြားမင်း တောင် နအဖ ဖက်က ဝင်ပြီး ကူညီပေးလို့  မရနိုင်ပါဘူး။နိဂုံးချုပ်အနေနဲ့ ရေးရရင် နအဖရဲ့ ၂ဝ၁ဝရွေးကောက်ပွဲ အခင်းအကျင်းအတွက် ကိုကိုလတ်၊ရောင်နီဦး၊အေးလွင် တို့  လို ခြံခုန်ရေးသမားတွေကို စစ်အုပ်စုမှ မလွဲမသွေ ထုတ်သုံးမှာဖြစ်ပါတယ်။ ရှေ့ မှာလည်း ဇော်ဦး (NCGUB-Technical Advisory Network Director) လို လူမျိုးဟာလည်း စစ်အုပ်စုနဲ့  ပုလင်းတူဘူးဆို့ အဖြစ် ပေါင်းဖက်ဆက်ဆံနေပါတယ်။ ပြည်ပမှာရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီရေး ဦးဆောင်လှုပ်ရှားသူတွေထဲမှာလည်း စစ်အုပ်စု နဲ့ စည်းဝါးရိုက်ပြီး ဒူးထောက်အညံ့ခံဖို့  တသီတတန်းကြီး ညှိုနှိုင်း စောင့် မျှော်နေကြပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလူတွေကို ထောက်ပံ့နေတဲ့ နိုင်ငံတွေက ဒေါ်လာငွေတွေကို အနာဂတ်မှာ ထောက်ပံ့ပေးအုံးမယ့် အခြေအနေမျိုး မရှိ တော့ကြောင်း စတင်ပြောဆိုနေပါပြီ။ ဥပမာအနေနဲ့ အမေရိကားမှOSI, NED နဲ့  နော်ဝေနဲ့  စကင်ဒီနီးဗီးယားနိုင်ငံ တွေပဲဖြစ်ပါတယ်။ အဓိကအကြောင်းကတော့ နှစ်ပေါင်း (၂ဝ)မျှ Proposal အမျိုးမျိုးရေးကာ ငွေလှည့်တောင်းပြီး ဘာတခုမျှလုပ်မပြနိုင်တော့ ယုံကြည်မှုကုန်ခမ်းသွားလို့ ပဲဖြစ်ပါတယ်။ စစ်မှန်တဲ့ ပြည်သူဘက်တော်သား ဒီမိုကရေစီ ရေးအင်အားစုတွေအတွက် နိုင်ငံရေးသတိရှိရေး၊ ရန်-ငါစည်းပြတ်ရေး၊ ရပ်တည်ချက်ခိုင်မာရေး၊ တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်ရှင်သန်ရေးတွေနဲ့ ပဲ ဖောက်ပြန်ရေးဝါဒီတွေကိုကာကွယ်တားဆီးရပါလိမ့်မယ်။ ဒါ့အပြင်လူထုအခြေပြု နိုင်ငံရေး လုပ်ဟန်တွေကို မွေးထုတ်ပြီး လူထုလူတန်းစားအလွှာ အသီးသီး ပါဝင်တဲ့ လူထုတပ်ပေါင်းစု နဲ့  စစ်အာဏာရှင်စံနစ်ကို တိုက်ပွဲဝင်သွားရပါမယ်။ မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးဒဏ်ခတ်ရေး၊ မခတ်ရေးဟာ ဒီမိုကရေစီရေးအတွက် ပင်မလမ်းကြောင်း မဟုတ်ပဲ စစ်အာဏာရှင်ပြုတ်ကျရေးသည်သာ အဓိကဖြစ်ကြောင်းရေးသားလိုက်ပါတယ်။

။ဧရာ (ဆစ်ဒနီ)၁၂၊၄၊၂ဝဝ၉

တဆင့်ကူးယူဖေါ်ပြအပ်ပါသည်
ဂဠုန်မင်း