Saturday, July 7, 2012

ဗကသ ခေါင်းဆောင် ၁၄ ယောက် အဖမ်းဆီးခံရ

ဇူလိုင် ၇ ရက် ရွှေရတု အခမ်း အနားကို ဦးဆောင် ကျင်းပ မယ့် ဗမာ နိုင်ငံ လုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ခေါင်းဆောင် တွေကို ရန်ကုန်နဲ့ နယ်မြို့ တချို့မှာ စရဖ ထောက်လှမ်းရေး အဖွဲ့က မနေ့က ဖမ်းဆီး ထိန်းသိမ်း ခဲ့ပါတယ်။ ဘီဘီစီရဲ့ စုံစမ်း ချက်အရ ရန်ကုန်၊ မန္တလေး၊ ရွှေဘို၊ လားရှိုးက ကျောင်းသား ခေါင်းဆောင် ၁၄ ဦးကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း သိရှိ ရပါတယ်။ ရန်ကုန်မှာ ဖမ်းဆီး ခဲ့သူတွေ ကတော့ မဖြိုးဖြိုးအောင်၊ ကိုစည် သူမောင်၊ ကိုဒီ ငြိမ်းလင်း၊ ကိုရဲ မြတ်ဟိန်း တို့ဖြစ် ကြပါတယ်။ မန္တလေးမှာ ဖမ်းဆီး ခဲ့သူ တွေက တော့ ကိုမင်းခန့်၊ ကိုမိုးထက်နေ၊ ကိုအောင် မှိုင်းဆန်း၊ ကိုသန်းထိုက်တို့ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ ရောက်ရှိနေတဲ့ ရွှေဘိုမြို့က ကျောင်းသား ၃ ယောက်နဲ့ ကျောင်းသူ ၁ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သလို လားရှိုးမြို့က ကျောင်းသား ၂ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သူတို့ဟာ မြဝတီမင်းကြီး ကျောင်းတိုက်မှာ ပြုလုပ်မယ့် အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ရန်ကုန်မှာ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းကိုလည်း လာရောက်ရှာဖွေခဲ့ပါတယ်။ ဗကသ ခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ ကိုလင်းထက်နိုင်ကို လာရောက်ရှာဖွေတယ်လို့ ဆိုပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေကတော့ ဗကသ ကျောင်းသားတွေကို ဖမ်းဆီးသွားတဲ့ အတွက် ဇူလိုင် ၇ ရက် အခမ်းအနားကို သူတို့ ဆက်လက်ဦးဆောင် ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဆန္ဒပြကျောင်းသားတွေကို စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက တက္ကသိုလ် နယ်မြေထဲ အထိ ဝင်ရောက်ပစ်ခတ်နှိမ်နင်းခဲ့ရာမှာ ကျောင်းသားပေါင်း ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ အဲဒီခေတ်က သတင်းစာတွေမှာ ရေးသား ဖော်ပြကြပြီး ဇူလိုင်လ ၈ ရက်နေ့မနက် အာရုဏ်တက်ချိန်မှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။