လွတ်လပ်မှု အတွက် ကိုယ့်ကိုကိုယ် အားကိုးကြပါ
ဆောင်းပါးရှင် - ဆရာတော် ဦးဇောတိက
စာဖတ်ပရိသတ်များခင်ဗျား-
ဆရာတော် ဦးဇောတိကကို ကျွန်တော် လေးစား ခဲ့ရသလို သူ့စာတွေဟာလည်း ကျွန်တော် အသည်းစွဲ ဖြစ်ခဲ့ရ ပါတယ်။ အခုတင်ပြမဲ့ ကောက်နုတ် ဖေါ်ပြချက်ကို ဖတ်ရူပြီး သေချာစဉ်းစားကြည့်ကြရင်း လွတ်လပ်မှုအတွက် ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်ဖို့ အားအင်သစ်တွေ မွေးဖွားနိုင် ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ကိုယ်ကျိုးမပါလို့ ကြောက်စိတ်မရှိဘဲ အာဏာရှင်တွေရဲ့ အကျဉ်းထောင်တွေထဲမှာ နှစ်ရှည် ထောင်ဒါဏ်ကျခံ နေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ဒီစာစုနဲ့ ဦးညွတ် ဂုဏ်ပြုလိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လူ့အရည်အချင်း၊ လူ့အခွင့်အရေးကို ပိတ်ပင် တားဆီးနေတဲ့ အာဏာရှင် လူတစ်စုကို ဆရာတော်ရဲ့  စာစုတွေက မီးမောင်း ထိုးပြနေတဲ့အပြင် လွတ်လပ်မှုရဲ့  အနှစ်သာရကိုလည်း ပိုမို သိရှိ နားလည်စေလို့ ဆရာတော်အား ကျွန်တော် ကိုဖိုးတရုတ်မှ ရှိခိုးပူဇော်ရင်း စာဖတ်ပရိတ်သတ်များအတွက် တင်ဆက်လိုက် ပါတယ် ခင်ဗျား။
အကြောင်းအကျိုး ကိုက်အောင် စဉ်းစားနိုင်တဲ့ လူ့အရည်အချင်းကို ပိတ်ပင်တာ ဖျက်ဆီးတာဟာ လူ့အရည်အချင်း အစစ်ကို ဖျက်ဆီးတာဖြစ်တယ်။ ဒါဟာ အရက်စက်ဆုံး၊ အကြီးလေးဆုံး ပြစ်မှုပဲ။ “အမှန်တရားကို မသိအောင် ပိတ်ပင်တာ အကြီးမားဆုံးပြစ်မှုကို လွန်ကြူးတာပဲ။”
ဘယ်သူတွေက ဒီပြစ်မှုကို လွန်ကြူးနေကြသလဲ။ “လူတွေကို လွှမ်းမိုးခြယ်လှယ်ချင်တဲ့သူတွေ။ လူတွေကို ကြောက်အောင်လုပ်ပြီး ကိုယ်ကျိုးရှာ ချင်တဲ့သူတွေ” ဖြစ်တယ်။
စဉ်းစားခွင့် မပေးတာ၊ သံသယ ဖြစ်ခွင့် မပေးတာ၊ ကြောက်အောင် လုပ်တာဟာ အသိဥာဏ်ကို သတ်လိုက်တာပဲ။ လူသားရဲ့  အကောင်းဆုံး အရည်အချင်းကို ဖျက်ဆီးလိုက်တာပဲ။ လူသားကို လူသား အဆင့်ကနေ ကျသွားအောင် လုပ်လိုက်တာပဲ။
မြတ်စွာဘုရားကတော့ လူသားကို အဆင့်မြှင့်ပေးလိုက်တယ်။ လူသားကို လူသားနဲ့ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုတယ်။ အမှန်တရားကို တကယ်လိုလားရင်၊ လွတ်လပ်မှုကို တကယ်လိုချင်ရင် အမှားအမှန်ကို ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ ဒီတာဝန်ကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို ကိုယ်လေးစားတဲ့သူဟာ အလွယ်လမ်းကို မလိုက်ဘူး။ အမှန်လမ်းကို လိုက်တယ်။ အမှန်လမ်းဟာ မလွယ်ဘူး။ တစ်ခါတလေ အမှန်တရားနဲ့ အကြိတ်အနယ် နပန်းလုံးနေရသလိုပဲ။ အမှန်တရားက တကယ်မှန်ရင် နောက်ဆုံးမှာ အမှန်တရားကပဲ အနိုင်ရပါတယ်။ အမှန်တရားကို ထိုက်ထိုက်တန်တန် နေရာပေးချင်ပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ လက်မခံတာပါ။ လွယ်လွယ်နဲ့ လက်ခံရင် မလေးစား ရာရောက် တယ်။
ပြောသမျှယုံမှ လေးစားရာ ရောက်တယ်လို့ ထင်နေကြတယ်။ ပြိုင်ဘက်မရှိလို့ ပထမ ရတယ်ဆိုတာ တကယ် ထိုက်ထိုက်တန်တန် ရတာလား။ အခုခေတ်မှာ ပြိုင်ဖက်မရှိ ပထမရနေတာတွေ တော်တော်များပါတယ်။ အကြိတ်အနယ်လုပ်ပြီးမှ အနိုင်ရတာဟာ ထိုက်ထိုက်တန် တန် အနိုင်ရတာ..နော်။
ကိုယ့်အသိဥာဏ်ကို အသိအမှတ် မပြုတာဟာ ကိုယ့်ကို လူလို့ သဘောမထားတာဘဲ၊အဲဒါဟာ စော်ကား တာပဲ။ ကိုယ့်ကို လူလို့ သဘော မထား တဲ့သူကို ကိုယ်က ဆရာလို့ ဘယ်လို သဘောထား နိုင်တော့မလဲ။ ဆရာတွေဟာ များသောအားဖြင့် “ငါပြောတာကို ယုံပါ။ ငါက တကယ်သိလို့ ပြောတာ။ မင်းတို့က ငါ့ကိုတောင် မယုံဘူးလား လို့ ပြောကြတယ်။ အဲဒီလို ပြောနေကြတာ ကြားခဲ့ရတာ များလှပြီ၊ ခေါင်းဆောင်လုပ်တဲ့သူ တော်တော် များများဟာ နောက်လိုက်တွေကို လှည့်စားတယ်။ ယုံလွယ်တဲ့ သူတွေကို လှည့်စားပြီး ကိုယ်ကျိုးရှာတယ်။ အခုခေတ်မှာတော့ ပြောတဲ့သူကလည်း ကိုယ်တိုင်သိလို့ ပြောတာ မဟုတ်ဘူး။ ယုံတဲ့ သူကလည်း ကိုယ်တိုင်သိဖို့ကို မကြိုးစားတော့ဘဲ လွယ်လွယ်နဲ့ဘဲ ယုံလိုက်တယ်။
ပြောတဲ့သူက သူပြောတာကို မယုံဘူးလို့ ဆိုရင် စိတ်ဆိုးသွားမှာ သေချာတယ်။ ဘာဖြစ်လို့ စိတ်ဆိုးမှာလဲ။ သူကိုယ်တိုင်က သိလို့ ပြောတာ မဟုတ်ဘဲကိုး။ သိလို့ ပြောတဲ့သူဟာ မယုံရင်လည်း စိတ်မဆိုးဘူး။ ဘာဖြစ်လို့ စိတ်မဆိုးတာလဲ မယုံရင် စမ်းကြည့်ပါလားလို့ သူပြောနိုင်တယ်။ ကိုယ်တိုင်က ကိုယ်တွေ့မရှိရင် စမ်းကြည့်ပါလို့ မပြောနိုင်ဘူး။ ဒါကြောင့် ကိုယ်တွေ့ မရှိတဲ့သူဟာ ပြောအားမရှိဘူး။ အကြောင်းအကျိုး သဘာဝကျအောင် မပြောဘဲ ကြောက်အောင်လုပ်ပြီးယုံခိုင်းတယ်။
လှည့်စားချင်တဲ့သူဟာ သူပြောတာကို မယုံမှာ ကြောက်တယ်။ ကိုယ်ကျိုးရှာချင်တဲ့သူဟာလည်း ထို့အတူဘဲ။ မလှည့်စားချင်တဲ့သူ၊ ကိုယ်ကျိုးမရှာတဲ့ သူဟာ သူပြောတာကို မယုံမှာ မကြောက်ဘူး။ သူက ကိုယ်ကျိုးအတွက် ပြောတာမှ မဟုတ်ဘဲ။ ပြောတာ အကျိုးရှိတာကို သိစေချင်လို့ ပြောတာ။ မယုံလည်း ကိစ္စမရှိဘူး။ သူ့မှာ ဘာမှ ဆုံးရှုံးမသွားဘူး။ ဒါကြောင့် ကိုယ်ကျိုး မပါရင် ကြောက်စိတ်မရှိဘူး။ နောက်တစ်ချက်က ကိုယ်ယုံတာကို ကိုယ်ကိုယ်တိုင်က ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကို သိပ်မသေချာရင် သူများကို ယုံစေချင်တယ်။ သူများ မယုံမှာကို ပိုကြောက်တယ်။ ကိုယ်က တကယ် ဟုတ်မှန်း သိရင် သူများ မယုံတာကို သိပ် မကြေမနပ် မဖြစ်ဘူး၊ ယုံအောင်လည်း အတင်း မပြောဘူး။
ရိုးသားမှု မရှိဘဲ အမှန်တရားကို မသိနိုင်ဘူး။ အမှန်တရားကို မသိဘဲ လွတ်လပ်မှု မရှိနိုင်ဘူး။ အဲဒါကြောင့် အမှန်တရားကို သိဖို့ တသက်လုံး လေးလေးစားစား လုပ်ရမယ်။
င့ါအမိန့်ကို နာခံ၊ ငါ ပြောသလိုလုပ် လို့ ပြောကြတယ်။ အဲဒါ င့ါကို အားကိုးလို့ ပြောတာနဲ့ အတူတူဘဲ။ မင်းတို့ ဥာဏ်ကို မင်းတို့ မသုံးနဲ့လို့ ပြောတာနဲ့ အတူတူဘဲ။ သူများကို အားကိုးနေရင် လွတ်လပ်မှု မရှိဘူး။ ကိုယ့် ဥာဏ်လည်း မထွက်ဘူး။ အမြဲတမ်း ကလေးလို နေရမယ်။ မြတ်စွာဘုရား ကလူကြီးဖြစ်အောင် လမ်းဖွင့် ပေးလိုက်တာ။ အားလုံးက လမ်းပိတ်ထားကြတယ်။ လူကြီး ဖြစ်ခွင့် မပေးဘူး။ မြတ်စွာဘုရားက လမ်းဖွင့်ပေး လိုက်တယ်။ လူကြီး ဖြစ်ခွင့်ပေးလိုက်တယ်။ ကလေးဆိုတာ သူများ ဆုံးဖြတ်ပေးတာကို လုပ်ရတယ်။ ကိုယ်တိုင် ဆုံးဖြတ်ခွင့် မရှိဘူး။ လူကြီးဆိုတာ ကိုယ့် ဥာဏ်နဲ့ ကိုယ် ဆုံးဖြတ်ရတယ်။ ကိုယ့် ဥာဏ်နဲ့ ကိုယ် မဆုံးဖြတ်နိုင်ရင် လူကြီး မဖြစ်သေးဘူး။ ကိုယ့်ဥာဏ်နဲ့ ကိုယ် ဆုံးဖြတ်နိုင်လေလေ လူကြီး ဖြစ်လေပဲ။ လွတ်လပ်မှု ပိုရှိလေပဲ။ မြတ်စွာဘုရားဟာ တပည့်တွေကို လူကြီးဖြစ်အောင် အားပေးတာ.. ကလေးလို တသက်လုံးနေအောင် မလုပ်ဘူး။ အဲဒါ တကယ့် မေတ္တာပဲ။ တသက်လုံး ကလေးလို နေအောင် လုပ်ထားတာ မေတ္တာ မဟုတ်ဘူး။
Do not depend upon others.
ဘယ်သူ့ကိုမှ မမှီခိုပါနဲ့..တဲ့။ ဘယ်လို ကိစ္စမှာ ဖြစ်ဖြစ် သူများကို မှီခိုနေရင် ကိုယ်က ကလေးလို နေရမယ်၊ ကလေးနေရာမှာ နေရမယ်။ စားဝတ်နေရေးမှာ သူများကို မှီခိုနေရင် ကလေးလို နေရမယ်၊ ပညာရေးမှာ အသိဥာဏ်ပိုင်းမှာ မှီခိုနေရရင်လည်း ကလေးပဲ။ စိတ်ချမ်းသာမှုအတွက် သူများကို မှီခိုနေရရင်လည်း ကလေး ဘ၀က မလွတ်သေးဘူး။ အစစ အရာရာမှာ ကိုယ့်အားကိုယ်ကိုးမှ လူကြီးဖြစ်မယ်။ လွတ်လပ်မယ်။ လူကြီး ဖြစ်တယ်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူး။ ကိုယ့်ကိုယ်ကို ကိုယ်ဘယ်လောက် အားကိုးသလဲဆိုတာနဲ့ဘဲ ဆိုင်တယ်။ လူတွေဟာ အားကိုးရမဲ့ လူကို လိုက်ရှာနေကြတယ်။ ရှာလို့ မတွေ့ရင် ဘယ်သူ့ကိုမှ အားမကိုးရပါလားလို့ ငြီးငြူကြတယ်။ အားကိုးရမဲ့သူကို တခြားမှာ ရှာနေသေးသရွေ့ အဲဒီအတိုင်း ငြီးငြူနေရမယ်။
သူတစ်ပါးကို အားမကိုးပါနဲ့၊ ကိုယ့်ကိုယ်ကို အားကိုးပါလို့ မြတ်စွာဘုရား မှာတဲ့အတိုင်း လုပ်နိုင်ရင် မငြီးငြူ နိုင်တော့ဘူး။ ငြီးငြူရတဲ့ ဘ၀ကနေ လွတ်ပြီ။ အားငယ်နေရတဲ့ ဘ၀က လွတ်ပြီ။ တကယ် လွတ်လပ်ချင်ရင် အဲဒီအတိုင်းဘဲ လုပ်ရမယ်။ တခြားနည်းမရှိဘူး။ အဲဒါ ဘုန်းကြီးက ဒီ အဆုံးအမကို ကြားရကတည်းက ဒီအတိုင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘယ်လို ကိစ္စမှာ ဖြစ်ဖြစ် သူတစ်ပါးကို မှီခိုရတာ နည်းနေသမျှ နည်းအောင် လုပ်တယ်။ အထူးသဖြင့် အသိဥာဏ်ပိုင်းမှာ ကိုယ့်ကိုယ်ကိုဘဲ အားကိုးတယ်.. တခြား ဘယ်သူ့ကိုမှ အားမကိုးဘူး။
Do not depend upon others.
သူတစ်ပါးကို အားမကိုးပါနဲ့။
ဒီအဆုံးအမဟာ လွတ်လပ်မှုကို ပီပီပြင်ပြင် ပေးလိုက်တဲ့ အဆုံးအမဘဲ။ အဲဒီ လွတ်လပ်မှုက လူတိုင်းရဲ့  မွေးရာပါ အခွင့်အရေး။ ဒီအခွင့်အရေးကို ဘယ်သူမှ ချုပ်ချယ်ခွင့် မရှိဘူး။ အဲဒီ အရှိကို အရှိအတိုင်း လက်ခံတာ၊ အသိအမှတ်ပြုတာ ဒီလိုလူတိုင်းရဲ့  မွေးရာပါ လွတ်လပ်မှုကို အသိအမှတ်ပြုလို့ ဗုဒ္ဓဘာသာ တရားကို The Religion of Freedom လို့ ခေါ်တာ။ တကယ်လွတ်လပ်တဲ့သူ ဖြစ်ချင်ရင် တနည်းဘဲ ရှိတယ်။ ကိုယ့် အားကိုယ်ကိုးရမယ်။ ကိုယ့် အသိဥာဏ်ကို ကိုယ် အားကိုးရတယ်။
“ကိုယ့် လွတ်လပ်မှုကို ကိုယ် ရအောင် လုပ်ရမယ်။”
ဒါမျိုး ပြောတာ မကြားဖူးဘူး။ ဘုရားကလွဲလို့ တခြားလူတွေ ဒီလို မပြောဘူး။ ငါ့ကို အားကိုးပါ၊ ငါ့ကို ယုံကြည်ပါ၊ င့ါကို ကိုးကွယ်ပါ လို့ ပြောကြတယ်။ ကိုယ့် ဘ၀ကို သူတို့ လက်ထဲ ရောက်အောင်ဘဲ ကိုယ့်ကို အယုံသွင်းပြီး ကြိုးကြိုးစားစား လုပ်နေတာ၊ မြတ်စွာဘုရားကတော့ ကိုယ့်ဘ၀ကို ကိုယ့်လက်ထဲ ပြန်ထည့်ပေးလိုက်တာ။ အဲဒီလို ကိုယ့်ဘ၀ကို ကိုယ့်လက်ထဲ ပြန်ထည့်ပေးလိုက်တာကို မကြိုက်တဲ့သူ ရှိနိုင်တယ်။ ဘယ်သူ တွေ လည်း.. ကိုယ့်ကိုယ်ကို ကိုယ် အားမကိုးချင်တဲ့လူတွေ၊ အားငယ်တဲ့သူတွေ၊ အားငယ်တတ်တဲ့သူဟာ ကိုယ့်ဘ၀ကိုယ် သူများ တာဝန်ယူတာကို လိုချင်တယ်။ အားလုံး ဆုံးဖြတ်ပြီး ဘာလုပ်ရမလဲ ဆိုတာ ပြောပေး။ ဒါကြောင့် ဗေဒင် ဆရာတွေ ထမင်းစားနေရတာပေါ့။
တခြားဆရာတွေက တပည့်တွေကို ကိုယ့်အားကိုယ်ကိုးကြ လို့ ဘာဖြစ်လို့ မပြောတာလဲ။ တပည့်တွေ အပေါ်မှာ မှီပြီး ဆရာကြီး လုပ်စားချင်လို့ပေါ့။ မြတ်စွာဘုရားဟာ ဘယ်သူ့ ပေါ်မှာမှ မှီခိုမှု မရှိလို့ ကိုယ့်အား ကိုယ် ကိုးလို့ ပြောပါတယ်။ တနည်းနည်းနဲ့ လူတွေ အပေါ်မှာ မှီခိုတဲ့လူတွေဟာ ကိုယ့်အား ကိုယ်ကိုးကြလို့ မပြောနိုင်ဘူး။ ဆရာတွေ တော်တော်များများဟာ တပည့်မွေးစားကြတယ်။ တပည့်ပေါ်မှာ မှီခိုနေကြတယ်။ ဒါပေမဲ့ အဲဒါကို ဖုံး ထားကြတယ်။ သူမှီခိုနေတာကို မပေါ်အောင် ငါ့ကို အားကိုးကြလို့ ပြောတယ်။ တကယ်တော့ ပြောင်းပြန်ဖြစ်နေတာနော်။ သူက တပည့်တွေကို အားကိုးနေတာ။ ဒါကြောင့် င့ါကို အားကိုးလို့ ပြောရင် အဓိပ္ပာယ်ကို ပြောင်းပြန် ကောက်လိုက်။ ငါ နင်တို့ကို အားကိုးတယ်လို့ အဓိပ္ပာယ် ကောက်လိုက်။
နောက်တချက်ကတော့ မြတ်စွာဘုရားရဲ့  လွတ်လပ်မှုကို ပီပီပြင်ပြင် ဖေါ်ပြတဲ့ အချက်ပဲ။
“တုမှေဟိ ကိစံ္စ အာတပံ အက္ခာတာရော တထာဂတာ” - တမ္မပဒ
“Things have to be performed by yourselves, the Tathagatas are only showing the way (to emancipation).”
သင်တို့က လုပ်သင့်တာကို လုပ်ရမှာ။ တထာဂတ တို့ဟာ လွတ်မြောက်ရာ လမ်းကိုဘဲ ညွှန်ပြတယ်။ မြတ်စွာဘုရားဟာ လမ်းကို ညွှန်ပြတဲ့ သူဖြစ်တယ်။ ကယ်တင်ရှင် မဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲ ကိုးကွယ်တာကို လိုချင်တဲ့သူ မဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲ ကိုးကွယ်ဖို့ အားမပေးဘူး။ အခုခေတ်မှာတော့ ဆင်းတုတော်ကိုတောင် ပုဂ္ဂိုလ်စွဲ ကိုးကွယ်နေကြတယ်။ ဒီ ဆင်းတုတော်ကို ဘယ်လို အကျိုးများတယ်၊ ဒီဆင်းတုတော်က တန်ခိုးကြီးတယ်လို့ ပြောနေကြတာဟာ ဘုရားဟောနဲ့ ဘယ်လောက် ဝေးကွာသွားပြီးလဲ။ ဒီဆင်းတုတော်က ဟို ဆင်းတုတော်ထက် တန်ခိုးကြီးတယ်လို့ ပြောတာဟာ ဗုဒ္ဓတရားကို ဘာမှ မသိတဲ့ သူတွေရဲ့  အတွေးအခေါ်ပါ။ Idol Worship ရုပ်တု ကိုးကွယ်မှု ဖြစ်သွားပြီ။ ဗုဒ္ဓဘာသာ တရားဟာ ရုပ်တု ကိုးကွယ်မှုကို အားပေးတဲ့ ဘာသာတရား မဟုတ်ပါဘူး။
ဝက္ကလိမထေရ် အကြောင်း ကြားဖူးသလား။
အကျဉ်းချုပ်ပြောမယ်။ ၀က္ကလိမထေရ်ဟာ ဘုရားကို သိပ် ကြည်ညိုတယ်။ ဖူးလို့ အားမရနိုင်ဘူး။ ဒါကြောင့် မြတ်စွာဘုရားကို မြင်နိုင်လောက်တဲ့ နေရာမှာ ထိုင်ပြီးတော့ ဖူး နေတတ်တယ်။ အေးချမ်းတဲ့ သူကို ဖူးရတဲ့သူဟာ အေးချမ်းမှာဘဲနော်။ “သမဏာနဉ္စ ဒဿနံ” ဆိုတဲ့ မင်္ဂလာတရားလည်း ညီပါတယ်။ အကျိုှးရှိပါတယ်။ ဒါပေမဲ့ မြတ်စွာဘုရားက ၀က္ကလိမထေရ်ကို မိန့်တော်မူတယ်။
“ကိံတေ ၀က္ကလိ က္ကမိနာ ပူတိကာယေန ဒိဋ္ဌေန။”“ယော ဓမံ္မ ပဿတိ သော မံ ပဿတိ။” — ဓမ္မပဒ
What does it bring to you, Vakkali; by looking at this physical body of filth? He who sees the Dhamma sees me.
မြတ်စွာဘုရားဟာ လွတ်လပ်သူ ဖြစ်တယ်။ ၀က္ကလိမထေရ်ကိုလည်း လွတ်လပ်စေချင်တယ်။ ဒါကြောင့် “ဒီ ခန္ဓာကိုယ် အပုပ်ကောင်ကို ဖူးနေတာ ဘာအကျိုး ရှိသလဲ ၀က္ကလိ။ တရားကို မြင်တဲ့သူဟာ ငါ ဘုရားကို မြင်တယ်။ တရားကို မမြင်ရင် ဘုရားကို မမြင်ဘူးလို့ ”မိန့်တော်မူလိုက်တယ်။ တရားကို မြင်ပြီး လွတ်လပ်တဲ့သူ ဖြစ်စေချင်တယ်။ မျက်နှာတော်ကို ဖူးနေတာကို အားမပေးဘူး။ မျက်နှာတော်ကို ဖူးနေရုံနဲ့ လွတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး။ သက်တော်ထင်ရှား ဘုရားကို ဖူးနေတာတောင် အားမပေးဘူး။ ရုပ်ရည်ကို ဦးစားပေးတာကို အားမပေးဘူးလို့ လည်း ဆိုနိုင်တယ်။ ဒီ ရုပ်ရည်က ဘုရားအစစ်မဟုတ်ဘူး။ အမှန်တရားကို သိတော်မူတဲ့ ဥာဏ်တော်ကသာ ဘုရားအစစ်၊ ရုပ်ရည်က အဲဒီ ဥာဏ်တော်ရဲ့  နေရာ ဖြစ်တယ်။ အဲဒီတော့ အခုခေတ် ဆင်းတုတော်တွေကို ကိုးကွယ်တာကို ဘုရား ဘယ်လို မိန့်တော်မူမလဲ။ ဆင်းတုတော် ဆိုတာ Symbol ဖြစ်ပါတယ်။ ရည်မှန်းစရာ သင်္ကေတ တစ်ခု… ကိုယ့်မိဘရဲ့  ဓာတ်ပုံဟာ မိဘ အစစ်မဟုတ်ဘူး။ ဒါပေမဲ့ မိဘ ကိုယ်စား ကြည့်စရာ ရည်မှန်းစရာဘဲ။
He who sees the Dhamma sees me.
တရားကို မြင်တဲ့သူမှ ဘုရားကို မြင်တယ်။ အမှန်တရားကို သိပြီး မြင်ပြီး လွတ်လပ်တဲ့အခါမှာ ဘုရားကို ကြည်ညိုတတ်လာတယ်။ ထူးထူးဆန်းဆန်း ပုံတော် ထုထားတဲ့ ဆင်းတုတော်ကို ကြည်ညိုရုံနဲ့ ဘုရားကို ကြည်ညိုတတ်ပြီလို့ မဆိုနိုင်သေးဘူး.နော်။
“The Tathagatas are only showing the way.”
ဘုရားဟာ လမ်းကို ညွှန်ပြလိုက်တာဘဲ။ ညွှန်ပြတဲ့လက်ကို ကြည့်ရုံနဲ့ မလုံလောက်သေးဘူး။ လက်ညှိုး ဘယ်ကို ညွှန်သလဲဆိုတာကို ကြည့်ပြီး အဲဒီ လက်ညှိုး ညွှန်ရာကို ရောက်အောင် သွားရမယ်။
မြတ်စွာ ဘုရားဟာ ချမ်းသာတဲ့ သူတွေ၊ အာဏာရှိတဲ့ သူတွေကို တပည့် ဖြစ်လာအောင် ဦးစားပေးပြီး လုပ်လေ့ မရှိဘူး။ တရားကို သဘော မပေါက်ဘဲနဲ့ တပည့်ခံတာကို အားမပေးဘူးလို့လည်း ဆိုနိုင်တယ်။
ဥပါလိက ရတနာ သုံးပါးကို ဆည်းကပ်ကိုးကွယ်သူအဖြစ် အသိအမှတ် ပြုပါလို့ လျှောက်တာကို အလျင်စလို မလုပ်ပါနဲ့။ စဉ်းစဉ်းစားစား လုပ်တာ ကောင်းတယ်လို့ မိန့်တော်မူတာကို သေသေချာချာ စဉ်းစားသင့်တယ်။ တပည့် အရေအတွက်များဖို့၊ ဂုဏ်ရှိဖို့ကို ဦးစားမပေးဘူး။ တရားကိုသာ သိပြီး လွတ်လပ်သွားစေချင်တယ်။ တပည့်မွေးဖို့ ရည်ရွယ်ချက် မရှိဘူး။ သူများ တပည့်ကို ကိုယ့်တပည့်ဖြစ်အောင် လုပ်ဖို့ မရည်ရွယ်ဘူး။ အဲဒါကို ကြည့်ရင်လည်း မြတ်စွာဘုရားဟာ ဘယ်လောက် လွတ်လပ်နေသလဲ ဆိုတာ တွေ့ရတယ်။ ပြီးတော့ရတနာ သုံးပါးကို ဆည်းကပ်သူ ဖြစ်လာ သော်လည်း နိဂဏ္ဍတို့ကို ဆက်ပြီး လှူဖို့ မိန့်တော်မူတာလည်း မြတ်စွာဘုရားရဲ့ ကရုဏာကို ပီပီပြင်ပြင် တွေ့ရတယ်။ နိဂဏ္ဍ တွေမှာ ချို့တဲ့ သွားတာကို မဖြစ်စေချင်ဘူး။ ဒီ ကရုဏာဟာလည်း လွတ်လပ်တဲ့သူရဲ့  ကရုဏာဘဲ။ ပြည့်ဝနေသူရဲ့  ဂရုဏာဘဲ။ မပြည့်ဝတဲ့သူဟာ ကရုဏာ မထားနိုင်ဘူး။
မပြည့်ဝတဲ့ သူဟာ သူ့မှာ ဘယ်လောက် ရှိရှိ လိုသေးတယ်လို့ဘဲ ထင်တယ်။ နည်းသေးတယ်လို့ဘဲ ထင်နေတယ်။ သူများ ရမှာကို မလိုလားဘူး။ အခု ကရုဏာမရှိ တကိုယ်ကောင်းဆန်ဆန် လုပ်နေကြတာဟာ ဘာကြောင့်လဲ။ မပြည့်ဝလို့။ ချို့တဲ့နေတဲ့စိတ် ရှိလို့။ ပြည့်စုံတဲ့ စိတ်မရှိလို့၊ လွတ်လပ်တဲ့စိတ် မရှိလို့။ မြတ်စွာဘုရားဟာ ပြည့်ဝနေတယ်။ ပြည့်စုံနေတယ်။ လွတ်လပ်နေတယ်။ ဒါကြောင့် မြတ်စွာဘုရားရဲ့  ကရုဏာဟာ ပြည့်ဝနေသူ၊ ပြည့်စုံနေသူ၊ လွတ်လပ်နေသူရဲ့  ကရုဏာဖြစ်တယ်။
သတိနဲ့ နေလို့ စိတ်ရှင်သန်လာတဲ့အခါ လူသားရဲ့  မြင့်မြတ်မှုကို သိလာတယ်။ တည်ကြည်မှု အစစ်ကို သိလာတယ်။ ရိုးသားမှု အစစ်ကို သိလာတယ်။ လွတ်လပ်မှု အစစ်ကို သိလာတယ်။ ငါ ဆိုတာ မရှိတော့တဲ့ စင်ကြယ်တဲ့ စိတ်ကို တွေ့တဲ့အခါမှာ ဒီစိတ်ဟာ လမ်းမှန်ကို သွားနေတယ် ဆိုတာ သိလာတယ်။ အမှန်ကို သိတဲ့ စိတ်ကို အားကိုးတယ်။ အရှိကို အရှိတိုင်း သိနေတဲ့ စိတ်ကို အားကိုးတယ်။ လောဘစိတ်ကို အားမကိုးဘူး၊ ဒေါသစိတ်ကို အားမကိုးဘူး။ မာနကို အားမကိုးဘူး။
စိတ်ရဲ့  သဘာဝကို သိတဲ့ ဥာဏ်အလင်းရောင်ကို ရလာတဲ့အခါ လူသား တစ်ဦးအနေနဲ့ ကိုယ့်ဘ၀မှာ ရနိုင်တာတွေ ထဲမှာ အဆင့်အမြင့်ဆုံးဟာ လွတ်လပ်မှု ဆိုတာကို သဘောပေါက်လာတယ်။ စိတ်ကို ချုပ်တည်းထားတဲ့အရာတွေဟာ စိတ်ထဲမှာဘဲ ရှိတယ်ဆိုတာလည်း မြင်လာတယ်။ လွတ်လပ်တဲ့ စိတ်နဲ့ မလွတ်လပ်တဲ့ စိတ်တွေကို သေသေချာချာ မြင်လာတယ်။ အဲဒီအခါ အမြဲတမ်း လွတ်လပ်တဲ့ စိတ်နဲ့ဘဲ နေချင်တယ်။ လွတ်လပ်တဲ့ စိတ်နဲ့ နေနိုင်အောင် သတိကို ပိုပြီး ကပ်တယ်။ ကိုယ့်စိတ်က လွတ်လပ် လာလေလေ၊ ဘုရားရဲ့  လွတ်လပ်မှုကို ပိုပြီး အာရုံပြု လေလေ ဘဲ။ ဘုရားကိုလည်း ကျေးဇူးတင်လေလေဘဲ။ တန်ဖိုးထားစရာတွေထဲမှာ လွတ်လပ်မှုဟာ အဆင့်အမြင့်ဆုံးဘဲ။ လွတ်လပ်မှု အကြောင်း မတွေးတဲ့နေ့၊ မပြောတဲ့နေ့ မရှိဘူး။ လွတ်လပ်နေတယ်လို့ သိတယ်။ မလွတ်လပ်ရင် မလွတ်လပ်ဘူးလို့ သိတယ်။ ဘာကြောင့် မလွတ်လပ်ဘူးလို့ ဆိုတာ မြင်တယ်။ လွတ်လပ်မှုကြောင့် ရလာတဲ့ ပျော်ရွှင်မှုဟာ တခြား နည်းတွေနဲ့ ရတဲ့ ပျော်ရွှင်မှုနဲ့ ဘယ်လိုမှ နှိုင်းလို့ မရဘူး။
လွတ်လပ်တဲ့ စိတ်ကို သိလာမှ လူပီသတဲ့ စိတ်ကို သိတယ်။
လွတ်လပ်တဲ့ စိတ်ဟာ ဂုဏ်သိက္ခာ ရှိတယ်။ လွတ်လပ်တဲ့ စိတ်မှာ အထင်ကြီးတာ၊ အထင်သေးတာ မရှိဘူး။ လွတ်လပ်တဲ့ စိတ်ဟာ ကြောက်နေတဲ့ စိတ် မဟုတ်ဘူး။ မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာ၊ အားထားရာ ဖြစ်၏ လို့ ဘုရားဟောတာကို တရားအားထုတ်ပြီး အနတ္တ သဘာဝကို သေသေချာချာ မြင်မှပဲ သဘောပေါက်တယ်။ “မိမိ” ဆိုတာ “ငါ” ဆိုတဲ့ အတ္တ စွဲကို ပြောတာ မဟုတ်ဘူး။ တကယ်တော့ မိမိ ဆိုတာ အတ္တ စွဲ ကင်းနေတဲ့ ဥာဏ်ပညာနဲ့ ယှဉ်တဲ့စိတ်ကို ပြောတာ။ ငါ ဆိုတဲ့ အတ္တစွဲဟာ ကိုးကွယ်ရာ ဘယ်မှာ ဖြစ်နိုင်မလဲ။
စီးပွားဥစ္စာ တိုးတက်ဖို့၊ ရာထူးတိုးဖို့ ဘာသာတရားကို ကိုးကွယ်တဲ့ သူဟာ ဘာသာတရား အစစ်ဟာ ဘာလဲ ဆိုတာကို လုံးလုံးမသိတဲ့ သူဘဲ။ လွတ်လပ်မှုကို လိုချင်လို့ ဘာသာတရားကို ကိုးကွယ်တဲ့ သူမှ သာ ဘာသာတရား အစစ်ဆိုတာ ဘာလဲဆိုတာကို သိနိုင်တယ်။
“လွတ်လပ်ပြီး တရားမျှတဲ့ လူ့အသိုင်းအ၀ိုင်းမှာ နေချင်ရင်၊ စိတ်ချမ်းသာချင်ရင်၊ ဂုဏ်သိက္ခာရှိစွာ နေချင်ရင်၊ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ကာကွယ်ရမယ်” ဒါမှ လူပီသမယ်။
လွတ်လပ်မှု တရားမျှတမှု နှင့် လူ့ဂုဏ်သိက္ခာ
စာဖတ်ပရိသတ်များခင်ဗျား-
တရားမျှတမှုဟာ လူ့ဝတ္တရား ဖြစ်တဲ့အကြောင်းနဲ့ လွတ်လပ်မှုရဲ့  အနှစ်သာရကို တိတိကျကျ တင်ပြထားတဲ့ ဆရာတော် ဦးဇောတိကရဲ့  အတွေးနဲ့  အရေးကို ဒီအပိုင်းမှာ ကောက်နုတ် တင်ပြပေးလိုက်ပါတယ်။ လေးလေး နက်နက် ဖတ်ရှူ့ပြီး ဆရာတော်ရဲ့  ဆိုလိုရင်းကို ဖေါ်ထုတ်ကြဖို့ ကျွန်တော် ကိုဖိုးတရုတ်မှ ဆရာတော် သံဃာတော်များ ဂုဏ်ကျေးဇူးကို အထူးအောင်းမေ့ရင်း တိုက်တွန်း တင်ဆက် လိုက်ပါတယ် ခင်ဗျား။
လွတ်လပ်တဲ့ သူဟာ မယုံသင့်တာကို မယုံတော့ဘူး။ မယုံသင့်တာကို မယုံတဲ့ လူရဲ့ ဘ၀ဟာ ရှင်းတယ်။ မကြောက်သင့်တာကို မကြောက်တဲ့သူရဲ့  စိတ်ဟာ ကြည်လင်ပေါ့ပါးတယ်။ မမျှော်လင့်သင့်တာကို မမျှော်လင့်တဲ့ သူဟာ တခြား လုပ်သင့်တာကို လုပ်နိုင်လို့ သူ့ဘ၀ဟာ ပိုပြီး အဆင်ပြေတယ်။
ဘုန်ကြီး ငယ်ငယ်ကတည်းက လက်ကိုင်ထားတဲ့ မူတစ်ခုရှိတယ်-ကိုယ်လည်း အကျိုးမရှိတာ သူများလည်း အကျိုးမရှိတာ မလုပ်ဘူး။ကိုယ့်မှာ အကျိုးရှိတယ်၊ သူတစ်ပါးကို မထိခိုက်ဘူးဆိုရင် လုပ်တယ်။ကိုယ့်မှာလည်း အကျိုးရှိတယ်၊ သူတစ်ပါးမှာလည်း အကျိုးရှိတယ် ဆိုရင်တော့ ပိုပြီးလုပ်တယ်။ကိုယ့်မှာ အကျိုးမရှိဘူး၊ သူတစ်ပါးမှာ အကျိုးရှိတယ်ဆိုရင် တခါတလေ လုပ်တယ်။ကိုယ့်အတွက် အကျိုးရှိတယ်၊ သူတစ်ပါးကိုတော့ ထိခိုက်တယ်ဆိုရင်တော့ မလုပ်ဘူး။ကိုယ့်ကိုလည်း ထိခိုက်တယ်၊ သူတစ်ပါးကိုလည်း ထိခိုက်တယ်ဆိုရင်တော့ လုံးဝ မလုပ်ဘူး။ (အမှိုက်ပစ်တာ၊ တံတွေးထွေးတာကအစ ဆင်ခြေပါ။)သူများ အကူအညီ များများ ယူတဲ့သူဟာ အရည်အချင်း မထွက်တော့ဘူး။ လွတ်လပ်တဲ့သူဟာ သဘာဝ အကြောင်းအကျိုးကို လေးစားတယ်။ သဘာဝ မကျတဲ့ အယူအဆ တစ်ခုကို ယုံမိရင် နောက်ထပ် သဘာဝ မကျတာတွေကို ယုံဖို့ လမ်း ဖွင့်လိုက်သလို ဖြစ်သွားတယ်။ အမှားတစ်ခုက နေရာယူပြီး လမ်းပိတ် ထားလိုက်ရင် အမှန်က နေရာ မရတော့ဘူး။
တာဝန်သိမှုဟာ လွတ်လပ်မှုအတွက် မရှိမဖြစ်တဲ့ အရာဖြစ်တယ်။ တာဝန်မသိတဲ့သူ၊ တာဝန်မဲ့ လုပ်တဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်တဲ့သူ ဖြစ်တယ်။ လွတ်လပ်မှု ဆိုတာ သတိရှိတဲ့သူ၊ ဥာဏ်ရှိတဲ့သူ အတွက်ဘဲ။ သတိမရှိတဲ့သူ၊ ဥာဏ်မရှိတဲ့သူဟာ မလွတ်လပ်တဲ့ ဘ၀မှာ နေရမယ်။ လွတ်လပ်တဲ့ စိတ်ကို သိမှ လူသားရဲ့  မြင့်မြတ်မှုကို သိမယ်။ လွတ်လပ်မှု၊ ရိုးသားမှု မရှိဘဲ စစ်မှန်တဲ့ ဂုဏ်သိက္ခာဆိုတာ မရှိပါဘူး။ လွတ်လပ်ရင် စိတ်ချမ်းသာမယ်၊ တရားမျှတရင် ဂုဏ်သိက္ခာ ရှိမယ်။
လွတ်လွတ်လပ်လပ် လွှတ်ထားပြီး မွေးတဲ့ခွေးတောင် ပိုပြီး ပျော်ရွှင်တဲ့ အမူအရာ ရှိတယ်။ ပိုပြီး ကျန်းမာတယ်။ လှောင်အိမ်ထဲမှာ လှောင်ထားပြီး မွေးတဲ့ ခွေးဟာ မပျော်ဘူး၊ ကျန်းမာရေးလည်း မကောင်းဘူး။ လွတ်လွတ်လပ်လပ် ကစားခွင့်ရတဲ့ ကလေးဟာ ကျန်းမာတယ်။ ပျော်တယ်။ ဥာဏ်လည်း ပိုကောင်းတယ်။ ဘာမှ လုပ်ခွင့်မရတဲ့ ကလေးဟာ ထိုင်းမှိုင်းနေတယ်၊ မပျော်ဘူး၊ ကျန်းမာရေးလည်း မကောင်းဘူး။ လွတ်လွတ်လပ်လပ် စာဖတ်ခွင့်ရတဲ့ လူငယ်တစ်ယောက်ဟာ သူ သိချင်တာတွေကို ရှာဖတ်နေရရင် သိပ်ပျော်တယ်။ ဒီစာမဖတ်ရဘူး၊ ဟို စာ မဖတ်ရဘူးဆိုရင် ချုပ်ချယ်ရင် စိတ်ဆင်းရဲတယ်။ လူတွေ မသိအောင် ခိုး ဖတ်မယ်။
လွတ်လွတ်လပ်လပ် သွားခွင့်၊ လေ့လာခွင့် ရရင်လည်း ပျော်တယ်၊ ပညာတိုးတယ်။ ဘုန်းကြီးငယ်ငယ်တုန်း ကဘုန်းကြီးတို့ မြို့ မှာ ဘုန်းကြီး မလျှောက်ဘူးတဲ့ လမ်း မရှိဘူး။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သိတယ်။ ဘယ်နေရာမှာ ဘာဆိုင်ရှိလဲဆိုတာ သိတယ်။ အကြောင်းရှိလာရင် သွားတယ်၊ လုပ်တတ်တယ်၊ ဒါကြောင့် ပျော်တယ်။ အဆင်ပြေတယ်။ လွတ်လပ်ရင် စိတ်ချမ်းသာတယ်၊ ပျော်တယ်၊ ပညာတိုးတယ်၊ အဆင်ပြေတယ်။ မလွတ်လပ်ရင် စိတ်ဆင်းရဲတယ်၊ မပျော်ဘူး၊ ပညာမတိုးဘူး။
မကောင်းတာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ တချို့ ကိစ္စတွေမှာ ကောင်းတယ်၊ မကောင်းဘူး ဆိုတာ မဆုံးဖြတ်နိုင်ရင် စမ်းကြည့်တဲ့ အနေနဲ့ လုပ်ရမယ်။ ကိုယ့်စိတ်က တကယ် လွတ်လပ်တဲ့အခါ၊ ကိုယ့် အသိဥာဏ်က တကယ် လွတ်လပ်တဲ့အခါ ပိုပြီး လေးနက်တဲ့ ပျော်နည်းနဲ့ ပျော် တတ်လာမယ်။
ပညာရှာတာမှာ လွတ်လပ်မှု ရှိရင် ပိုပြီး တိုးတက်မယ်။ ပိုပြီး အဆင်ပြေမယ်။ စီးပွားရှာရာမှာ လွတ်လပ်မှု ရှိပြီး မျှတမှုလည်း ရှိရင် ပိုတိုးတက်မယ်၊ ပိုပြီး အဆင်ပြေမယ်။ တရားမျှတမှု မရှိရင် ဂုဏ်သိက္ခာ မရှိဘူး။ လူ့ သဘာဝမှာ ဟိရိ သြတ္တပ္ပဆိုတဲ့ ရှက်တတ်၊ ကြောက်တတ်တဲ့ စိတ်ဟာ ရှိပါတယ်။ မွေးရာပါ စိတ် ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ မွေးရာပါ စိတ်ကို ပိုပြီး အားကောင်းလာအောင် လေ့ကျင့်ပေးဖို့တော့ လိုတယ်။ မကောင်းတာ၊ မမှန်တာ၊ မရိုးသားတာကို လုပ်ရမှာ ရှက်တဲ့စိတ်၊ ကြောက်တဲ့စိတ်ကို လေ့ကျင့်ပြုစု ပေးရမယ်။
မတရားတာ၊ မမျှတတာကို လုပ်တဲ့သူဟာ သိလျှက်နဲ့ လုပ်ကြတာ များပါတယ်။ လောဘ အားကြီးလွန်းရင် မတရားတာကို လုပ်တယ်။ လုပ်တဲ့သူက သိသလို ဘေးလူတွေကလည်း သိပါတယ်။ ဒီလူ့လောကကြီးမှာ တရားတယ်၊ မတရားဘူး ဆိုတာကို သိဖို့ အလွန်ကြီး မခက်ပါဘူး။ ကလေးတွေတောင် သိသင့်သလောက်တော့ သိပါတယ်။ မတရားတာကို လုပ်တဲ့သူဟာ သူ့ကိုသူ လေးစားမှု လျော့တယ်။ မလွဲသာ၊ မရှောင်သာလို့ လုပ်ရတာပါလို့ ဆင်ခြေပေမဲ့ စိတ်ကြည်ကြည်လင်လင်နဲ့ မတရားတာကို လုပ်လို့ မရဘူး။ သူ့စိတ်ကို သူ လှည့်စားပြီး လုပ်နေရတယ်။ အဲဒါကိုက ဂုဏ်သိက္ခာ ကျနေတာဘဲ။ သူ့အမြင်မှာဘဲ သူ့ကိုယ်ကိုသူ သိက္ခာ မရှိတဲ့သူ အဖြစ် ခံစားနေရပါတယ်။ “ငါ မတရားတာကို လုပ်နေတယ်” ဆိုတာ သူသိပါတယ်။ “ငါ မတရားတာကို လုပ်နေတာ ဆိုတာ လူတွေသိတယ်၊ ငါ့ကို လူတွေ တကယ် မလေးစားဘူး၊ လေးစားဟန်ဆောင်နေတယ်” ဆိုတာကို သူ သိနေပါတယ်။ ဒါကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါ ဒေါနဲ့ မောနဲ့ မာန်နဲ့ ဆက်ဆံတတ်တယ်။ ဒေါသ ပိုကြီးတယ်၊ သူ့စိတ်မှာ လွတ်လပ်မှု၊ အေးချမ်းမှု မရှိဘူး။
ဒါကြောင့် တရားမျှတမှု မရှိတဲ့သူရဲ့  စိတ်ဟာ လွတ်လပ်မှု၊ အေးချမ်းမှုလည်း မရှိဘူး လို့ ဆိုနိုင်တယ်။ Peace of mind လည်း မရှိဘူး။ Inner Freedom လည်း မရှိဘူး။ Guilt ရှိမယ်။ အပြစ်ရှိတဲ့သူ ဆိုတဲ့ ခံစားမှု ရှိမယ်။ Guilt ရှိရင် Inner Freedom မရှိဘူး။ Inner Freedom ကို လိုချင်ရင် Guilt ဖြစ်မဲ့ ကိစ္စ တွေကို အတတ်နိုင်ဆုံး ရှောင်ရမယ်၊ မတရားတာကို မလုပ်ရဘူး။ မတရားမှန်း၊ မမျှတမှန်း သိလျှက်နဲ့ လုပ်ခဲ့တဲ့ ကိစ္စတစ်ခုကို ပြန်စဉ်းစားကြည့်လိုက်ပါ။ စိတ်ထဲမှာ ဘယ်လို ခံစားရသလဲ။ မစဉ်းစားချင်ဘူး၊ စိတ်ကို မြန်မြန် အာရုံပြောင်း လိုက်ချင်တယ်။ သို့မဟုတ်ရင် တရားပါတယ်လို့ ကိုယ့်ကိုကိုယ် အကြောင်း အမျိုးမျိုး ပြပြီး ဖြေရှင်းချက် ပေးချင်တယ်။ ဖြေရှင်းချက် ခဏခဏ ပေးနေရင် ဘယ်လို အဓိပ္ပာယ် ကောက်မလဲ။ မတရားလို့ပဲ။ တကယ့် တရားတာကို စေတနာ ကောင်းနဲ့ လုပ်ခဲ့ရင် ကိုယ့်စိတ်မှာ ဘာ ဖြေရှင်းချက်မှ ပေးနေစရာ မလိုတော့ဘူး။ စိတ်အေးချမ်းနေမယ်။ ပြန်တွေးတိုင်း စိတ်ချမ်းသာနေမယ်။
မတရား မမျှတတွေကို လုပ်တဲ့သူတွေ များနေရင် တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်းဖြစ်နေမယ်။ တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်မှု ရှိတဲ့ အသိုင်းအ၀ိုင်း ဖြစ်တယ်လို့ ဘယ်လို ပြောနိုင်မလဲ။ မတရားတာ လုပ်တဲ့သူ ရှိရင် ခံရတဲ့ သူ ရှိတယ်။ ခံရတဲ့ သူဟာ လုပ်တဲ့သူကို လေးစားမှာ မဟုတ်ဘူး။ တစ်ဦးကို တစ်ဦး မလေးစားနိုင်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ တရားမျှတမှု မရှိ၊ ဂုဏ်သိက္ခာလည်း မရှိတဲ့ အသိုင်းအ၀ိုင်းမှာ နေရတဲ့ သူဟာ စိတ်ချမ်းသာမှု ဘယ်လို လုပ်ရနိုင်တော့မလဲ။ လူ့ တချို့  မတရားတာကို လွတ်လွတ် လပ်လပ် လုပ်ခွင့်ရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်တဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ မလွတ်လပ်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာ ရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။
တရားမျှတမှု၊ လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာ ဒီသုံးပါးဟာ ဆက်စပ်နေပါတယ်။ တန်ဖိုးထားစရာကောင်းတဲ့ (Human Values) သုံးပါး မရှိရင် အဆင့်မြင့်တဲ့ လူ့ အသိုင်းအ၀ိုင်း မဖြစ်သေးဘူး။ ဒါပေမဲ့ တရားမျှတတာဟာ ဂုဏ်သိက္ခာရှိချင်လို့ လုပ်ရတဲ့ ကိစ္စ မဟုတ်ပါဘူး။ တရားမျှတတယ် ဆိုတာဟာ လူတိုင်းရဲ့  ၀တ္တရားဖြစ်ပါတယ်။ မတရားရင် ၀တ္တရား ပျက်ကွယ်တယ်။ မတရားတာကို လုပ်နေတဲ့သူဟာ လူ့ကျင့်ဝတ်၊ လူ့ဝတ္တရား ပျက်ကွက်တဲ့သူ ဖြစ်တယ်။ သူဟာ ဂုဏ်သိက္ခာ မရှိတဲ့သူ ဖြစ်တယ်။ မတရားတာ၊ မမျှတတာကို လက်မခံသင့်ဘူး။ မတရားတာ၊ မမျှတတာကို လက်ခံရင် အားပေးရာ ရောက်တယ်။ မတရားတာကို မြင်ရ ကြားရရင် “မတရားဘူး” လို့ ကိုယ့်ကိုယ်ကို အရင် ပြတ်ပြတ်သားသား ပြောပါ။ နောက် ကိုယ့်မိတ်ဆွေ တစ်ယောက်ယောက်ကို ပြောပါ။
Wednesday, April 15, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment