Wednesday, April 15, 2009

သူမ သို့မဟုတ် အဖြူရောင် အပိုင်း(၂)

ရင်ထဲမှာ ခံစားနေရတဲ့ သူမကြောင့်ရဲ့ဝေဒနာတွေဟာ ပင်လယ်လှိုင်းတွေမှာ မျောနေသလို နိမ့်လိုက်မြင့်လိုက်နဲ့။ အံထွက်လာချင်နေတဲ့ ရင်ထဲကအသံတွေကို အဓမ္မထိန်းချုပ်နေရင်း နှစ်ယောက်သား ထိုင်နေတဲ့ ထမင်းစားဝိုင်းမှာတောင် သူမရဲ့မျက်နှာကို ရင်ဆိုင်ကြည့်နိုင်တဲ့ စွမ်းအား ကျနော့မှာ မရှိတော့ပါဘူး။ အတွေးတွေက ဟိုကမ္ဘာအပြင်ဖက်ကိုရောက်နေတယ်ဆိုတာကိုတော့ ကိုယ့်ကိုကိုယ်သိတယ်၊ သူမလည်းသိချင်သိမှာပါ၊ ကြိုးစားပြီး စကားတွေပြောခဲ့ပေမယ်လို့ လေသံထွက်ဖို့တောင် အားယူပြီးပြောခဲ့ရတယ်၊ အကြောင်းအရာတွေကလည်း အရင်လို ရယ်စရာတွေမပါတော့ဘူး။ မကြည့်တော့ဘူးလို့ဆုံးဖြတ်ထားတဲ့စိတ်နဲ့တင်းထားပေမဲ့ သူမရဲ့မျက်နှာကိုခိုးခိုးပြီးကြည့်မိပြန်တယ်။ ဝေဒနာတွေက ထပ်ဆင့်တိုးလာပြန်တယ်။ အရသာမရှိတော့တဲ့ဟင်းကို မျိုချနေရင်း ကြည့်မိကြည့်ရာကိုသာ စိုက်ကြည့်နေမိတော့သည်။ ဘာကြည့်ကြည့် မမြင်နိုင်တော့၊ဘာပြောပြောမကြားနိုင်တော့.... ကျနော့်အတွက်တော့ အရာရာဟာ သက်မဲ့လိုပါဘဲလေ။ အချိန်တန်ရင်သူမပြန်တော့မယ်ဆိုတာသိနေပေမဲ့ အဲဒီအချိန်ကိုရောက်လာဖို့ဆွဲထားလို့ရရင် ဆွဲလို့ထားချင်တယ်။ ရပ်တန့်ခိုင်းလို့ရရင် ရပ်တန့်ခိုင်းချင်တယ်။ သူမရဲ့မျက်နှာကိုမြင်နေရရင် ဟိုအရင်လို ပျော်နိုင်တဲ့စွမ်းအားတွေမရှိတော့ပေမယ်လို့ သူမ အနီးနားမှာ အမြဲရှိနေစေချင်တာ ဘာကြောင့်မှန်းလဲမသိပါဘူး။ သူမ တံခါးဖွင့်ကာ ကျောပေးသွားတိုင်း အထီးကျန်စွာခံစားရပေမယ်လို့ အခုမှဘာဖြစ်လို့ ကြောက်နေမှန်းမသိပါဘူး။ ဝေးသွားရမှာကိုလား။ ပစ်သွားခံရမှာကိုလား.... နီးမှမနီးနိုင်ဘူးဆိုတာ သူမပြောပြီးပြီပဲ၊ ပစ်သွားတာမဟုတ်ပေမဲ့ ဂရုတစိုက်မှ မလုပ်နိုင်တာပဲဥစ္စာ၊ ဒီနေ့တွေမြန်မြန်ကုန်ဆုံးစေချင်ပေမဲ့ မနက်ဖြန်ဆိုတဲ့ နေ့ရက်တွေရောက်လာမှာကိုလည်း မလိုလားပြန်၊ အဆုံးမတော့ နာကျင်နေတဲ့ နှလုံးသားကိုသာ စိတ်ထဲမှာ ဖြစ်ညှစ်ခြေမွနေမိပါတော့သည်။

ရာသီဥတုက ကိုယ့်ဖက်ကမရှိပါ။အုံ့မှိုင်းနေတဲ့ မိုးတိမ်တွေက ကျွန်တော်အတွက် ဝေဒနာမိုးတွေရွာချပေးတော့မလို၊၊ လွမ်းဆွေးနေသောစိတ်ကို ပိုပြီးအထီးကျန်အောင်၊ နာကျင်နောသောနှလုံးသားကို ကျင်စက်နဲ့ ထိုးဆွနေသလို ကျနော့အတွက် အတော့်ကို အနေရအထိုင်ရခက်လှသည်။ ကျနော်ပြန်လာတော့ မိုးတွေက တဖွဲဖွဲနဲ့ရွာနေတုန်း။ ဘာရယ်မဟုတ် မနေ့ကဒီလိုအချိန်ကို ပြန်ပြီးသတိရလာပြန်သည်။
မနေ့က .. အုတ်ခုံတန်းလေးပေါ်မှာ သူမထိုင်ပြီးကျနော့ကိုစောင့်နေသည်။ သူမ၀တ်နေကြဂျင်းဘောင်းဘီမီးခိုးရောင်ပေါ်မှာ တခါမှဝတ်တာမမြင်ဘူးသေးတဲ့အနက်ရောင်ဆွယ်တာကိုခါးဖေါ်ဝတ်ပြီး ဆံပင်ကိုဂုတ်ပေါ်ဝဲနေအောင်ထိချထားသောသူမကို အတွေးထဲကဖျောက်ဖျက်မပြစ်နိုင်။ ဒီနေ့ဟာ သူမနဲ့နောက်ဆုံးတွေရတော့မဲ့နေ့မို့လားတော့မသိ ရင်ထဲမှာ ဆွေးဆွေးမြေ့မြေ့ခံစားရသည်။ နောက်ဆုံးအနေဖြင့် သူမကိုလိုက်ပို့ဖြစ်ခဲ့၏။ ပြောချင်တာတွေပြောဦးမယ်လို့စဉ်းစားထားသော်လည်း စကားတခွန်းတောင်မှထွက်မလာပါ။ ရထားဟာ တံတားတစင်းပြီးတစင်းပြီးဖြတ်၍တဘူတာပြီး တဘူတာဆိုက်ကပ်နေသော်လည်း ကျနော်ဟာငြိမ်သက်စွာသူမဘေးမှာထိုင်မြဲထိုင်နေဆဲ။ အားလုံးကို လက်လျှော့လိုက်တော့မည်ဟုဘဲ ကျနော်ဆုံးဖြတ်လိုက်မိတော့သည်။ ဘာကြောင့်တော့လည်းတော့မသိ ဒီလိုဘဲဆုံးဖြတ်လိုက်သည်။ သူမ အလုပ်ချိန်က နည်းနည်းလိုနေသေးလို့ အနီးရှိ စားသောက်ဆိုင်ထဲသို့နှစ်ယောက်သား ၀င်ထိုင်ဖြစ်ခဲ့ပါသေးတယ်။ ကလေးလေးတစ်ယောက်လို စကားပြောရင် ရယ်ရယ်ရွှမ်းရွှမ်းနဲ့ ကျနော့ရှေ့တွင်ထိုင်နေသော သူမရဲ့ပုံလွှာတွေကို ကျနော့နှလုံးသားမှ တဖြတ်ဖြတ်ရိုက်ကူးသိမ်းဆည်းနေသည်ကိုတော့ သူမ သတိပြုမိဟန်မရှိ။ အဲဒီနေ့ အဲဒီအချိန်မှာပဲ သူမ ကျနော့အတွက် စိတ်သောကရောက်စရာ စကားတွေစပြောလာနေတော့သည်။ သူမ ရယ်ရွယ်ချက်ရှိရှိပြောနေတာလား ကျနော့ကို စ. နေတာလားတော့ ယနေ့အထိ ကျနော် ဝေခွဲမရပါ။ အချိန်တွေ တရွေ့ရွေကုန်လွန်စေပြီးမှသိရှိနိုင်ဖို့ စောင့်စားရပါဦးမည်။

ရာဇာ

No comments:

Post a Comment